(နိုင်ငံတကာ) စက်တင်ဘာ ၃၀
ထိုင်းအဲဝေးစ် အင်တာနေရှင်နယ်လေကြောင်းလိုင်း (THAI) သည် ဆူဝါနာဖွမ်လေဆိပ်တွင် စုပုံနေသည့် ခရီးဆောင်အိတ်အမြောက်အမြားကို ဖြေရှင်းရန် ကြိုးပမ်းနေစဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ပြေးဆွဲရန် စီစဉ်ထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၃၇ ခုကို ထပ်မံဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ထိုင်းအဲဝေးစ်၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် THAI Corporate Communications က အင်္ဂါနေ့ည ၇ နာရီ ၂၀ မိနစ်တွင် ဖျက်သိမ်းလိုက်သည့် လေကြောင်းခရီးစဉ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်သည် ထိုင်းနိုင်ငံ၏ အဓိကဝင်ပေါက်လေဆိပ်ဖြစ်သည့် ဆူဝါနာဖွမ်လေဆိပ်တွင် ခရီးဆောင်အိတ်များ ရက်ပေါင်းများစွာ နှောင့်နှေးနေမှုနှင့်ပတ်သက်၍ ခရီးသည်များ၏ ပြင်းထန်သောဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းအဲဝေးစ် အမှုဆောင်အရာရှိချုပ် Chai Eamsiri က တောင်းပန်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
THAI ၏ ကြေညာချက်အောက်တွင် မှတ်ချက်ရေးသားသူအများအပြားက မိမိတို့၏ လေယာဉ်ခရီးစဉ်များလည်း ဖျက်သိမ်းခံရမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး အချို့ကလည်း မိမိတို့၏ ခရီးဆောင်အိတ်များ၏ လက်ရှိအခြေအနေကို သိရှိလိုကြောင်း မေးမြန်းခဲ့ကြသည်။
တရုတ်နိုင်ငံ ချန်ဒူးမြို့မှ အင်္ဂါနေ့ည ၈ နာရီခန့်တွင် ဆူဝါနာဖွမ်လေဆိပ်သို့ ရောက်ရှိလာသည့် ထိုင်းခရီးသည်အုပ်စုတစ်စုက လေဆိပ်တွင် ခရီးဆောင်အိတ်များကို စောင့်ဆိုင်းနေကြသည့် ခရီးသည်များမှာ မိမိတို့၏ ပစ္စည်းများ ရောက်ရှိလာရန် အလွန်အမင်း စိတ်ပူပန်စွာ စောင့်ဆိုင်းနေကြသဖြင့် “ဖုတ်ကောင်တွေလို ဖြစ်နေကြတယ်” ဟု Bangkok Post သို့ ပြောကြားခဲ့သည်။
သို့သော် အဆိုပါခရီးသည်အုပ်စုမှာ ခရီးဆောင်အိတ်များကို မိနစ် ၄၀ ခန့်အကြာတွင် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၆ ရက်တွင် ဘန်ကောက်မြို့၌ ရေကြီးမှု စတင်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအဲဝေးစ်က စုစုပေါင်း လေကြောင်းခရီးစဉ် ၅၉ ခုကို ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း THAI ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် ကြေညာချက်များအရ သိရသည်။ ထို့အပြင် အခြားလေကြောင်းခရီးစဉ် အများအပြားလည်း နှောင့်နှေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ခရီးဆောင်အိတ် ၅,၆၀၀ ခန့် နှောင့်နှေးခဲ့ကြောင်း သိရသည်။
ခရီးဆောင်အိတ်များ နှောင့်နှေးရခြင်းမှာ ဝန်ထမ်းရာနှင့်ချီသည် မိမိတို့နေအိမ်များတွင် ရေကြီးမှုကြောင့် သွားလာမရဘဲ ထိုင်းနိုင်ငံ၏ အဓိကနိုင်ငံတကာလေဆိပ်နှစ်ခုဖြစ်သည့် ဒွန်မောင်းနှင့် ဆူဝါနာဖွမ်လေဆိပ်များသို့ အလုပ်ဆင်းရန် မလာနိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
မကြာသေးမီက ဖွင့်လှစ်ခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် ကျင်းပခဲ့သည့် ဆူဝါနာဖွမ်လေဆိပ်သည် နိုင်ငံတကာခရီးသည် သွားလာမှုအရ ကမ္ဘာပေါ်တွင် နိုင်ငံတကာခရီးသည်အသွားအလာ အများဆုံးလေဆိပ်များအနက် အဆင့် ၁၁ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN