(နိုင်ငံတကာ) စက်တင်ဘာ ၃၀
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဧက ၁၁၈ ကျော် ကျယ်ဝန်းသော **Siam Amazing Park** အပန်းဖြေဥယျာဉ်သည် ဥယျာဉ်ဧရိယာတစ်ခုလုံးနီးပါး ရေကြီးရေလျှံမှုကြောင့် ဆိုးရွားစွာပျက်စီးခဲ့ပြီး ငါးရက်ကြာ ရေအောက်တွင် နစ်မြုပ်နေခဲ့သဖြင့် လုပ်ငန်းလည်ပတ်မှုကို ခြောက်လကြာ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
**Suansiam** ဟုလည်း လူသိများသည့် အဆိုပါ အပန်းဖြေဥယျာဉ်နှင့် ရေပန်းဥယျာဉ်စုပေါင်းသည် စက်တင်ဘာ ၂၆ ရက်မှစ၍ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါရေကြီးမှုအတွင်း အပန်းဖြေစီးနင်းစက်များနှင့် ဥယျာဉ်အတွင်းရှိ အပန်းဖြေစရာနေရာများစွာမှာ ရက်ရှည်ရေအောက်တွင် နစ်မြုပ်ခဲ့သည်။Siam Amazing Park သည် ခန်နာယောင်ခရိုင်အတွင်း မြေဧရိယာ ရိုင် ၃၀၀ ခန့်၊ ဧက ၁၁၈ ဒသမ ၆၁ ခန့် ကျယ်ဝန်းပြီး ခန်နာယောင်ခရိုင်မှာလည်း လက်ရှိရေကြီးမှုဒဏ် အပြင်းအထန်ခံနေရသည့် ဘန်ကောက်မြို့ရှိ ခရိုင်များအနက် တစ်ခုဖြစ်သည်။
ဥယျာဉ်ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် တရားဝင်ကြေညာခဲ့သည်။Siam Park City Co Ltd ၏ မန်နေဂျင်းဒါရိုက်တာ Wuthichai Luangamornlert က ၂၀၂၆ ခုနှစ် ရေကြီးမှုသည် အဆိုပါဥယျာဉ်အတွက် အပြင်းထန်ဆုံးရေကြီးမှုဖြစ်ပြီး ၂၀၁၁ ခုနှစ် ရေကြီးမှုနှင့် သိသိသာသာကွာခြားကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ရေကြီးမှုတွင် ဥယျာဉ်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ရေကြီးမှုဒဏ်ခံခဲ့ရသော်လည်း ယခု ၂၀၂၆ ခုနှစ် ရေကြီးမှုတွင် ဥယျာဉ်ဧရိယာ၏ ၁၀၀ ရာခိုင်နှုန်းနီးပါး ရေကြီးမှုဒဏ်ခံခဲ့ရကြောင်း Wuthichai က ပြောသည်။
ထို့ကြောင့် အပန်းဖြေစီးနင်းစက်များ၏ စက်ယန္တရားများအတွင်း ရေဝင်ရောက်၍ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့နိုင်ကြောင်းလည်း ယူဆထားသည်။
ရေကြီးမှုကြောင့် စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ကျောင်းပိတ်ရက်ကာလမှ ရရှိမည့်ဝင်ငွေများအပြင် နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် လှုပ်ရှားမှုများမှ ရရှိမည့်ဝင်ငွေများကိုလည်း ဆုံးရှုံးရမည်ဖြစ်သဖြင့် စုစုပေါင်းဆုံးရှုံးမှုမှာ ဘတ်သန်း ၁၀၀ ကျော်အထိ ရှိနိုင်ကြောင်း Wuthichai က ပြောကြားသည်။
လက်ရှိအခြေအနေများအရ စီမံခန့်ခွဲရေးအဖွဲ့က အပန်းဖြေစီးနင်းစက်များအားလုံးကို အသေးစိတ်စစ်ဆေးခြင်းနှင့် ဥယျာဉ်တစ်ခုလုံးကို ပြည့်ပြည့်စုံစုံ ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်နိုင်ရန် လုပ်ငန်းလည်ပတ်မှုကို ခြောက်လကြာ ရပ်ဆိုင်းရန် သဘောတူခဲ့ကြောင်း သိရသည်။
ရေများ ပြန်လည်ကျဆင်းသွားသည်နှင့်တပြိုင်နက် ရေကြီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများကို အပြည့်အဝအကဲဖြတ်စစ်ဆေးသွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာငွေရရှိရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။
ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများအတွက် အနည်းဆုံး သုံးလမှ လေးလအထိ ကြာမြင့်နိုင်ကြောင်း စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားထားပြီး လာမည့်နှစ် သင်္ကြန်ပွဲတော်မတိုင်မီ ဥယျာဉ်ကို ပြန်လည်ဖွင့်လှစ်ကာ ဧည့်သည်များကို ပြန်လည်ကြိုဆိုနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
အဆိုပါအပန်းဖြေဥယျာဉ်အတွင်း တိရစ္ဆာန်ဥယျာဉ်လည်း ဖွင့်လှစ်ထားပြီး စက်တင်ဘာ ၂၇ ရက်က ရေကြီးမှုအတွင်း ရေနစ်သေဆုံးတော့မည့် ဟော့ဒီးယားသမင် (hog deer) ၁၀ ကောင်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း အခြားသမင် ၆ ကောင်မှာ ရေထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
Siam Amazing Park ကို ၁၉၈၀ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ဆုံး အပန်းဖြေဥယျာဉ်နှင့် ရေပန်းဥယျာဉ်စုပေါင်းအဖြစ် ယနေ့တိုင် ရပ်တည်နေသည်။
ဧရိယာကျယ်ဝန်းသည့် လူလုပ်ပင်လယ်ရေကန်ကြီးတစ်ခုရှိသည့်အတွက် ဒေသခံများက အဆိုပါဥယျာဉ်ကို **“Bangkok Sea”** ဟုလည်း ခေါ်ဆိုကြသည်။
အဆိုပါလူလုပ်ပင်လယ်ရေကန်မှာလည်း လက်ရှိရေကြီးမှုကြောင့် ဆိုးရွားစွာပျက်စီးခဲ့သဖြင့် အကြီးစားပြုပြင်မွမ်းမံရေးလုပ်ငန်းများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN