(လွှတ်တော်) စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ရှိ ဖန်ခါးကွင်း-ကျွဲတလင်း-ညောင်ကုန်း ကျေးရွာချင်းဆက်မြေသားလမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လမ်းစာရင်းတွင် ထည့်သွင်းပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြုပြင်ထိန်းသိမ်းပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။
အဆိုပါလမ်းသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ဖန်ခါးကွင်း-ကျွဲတလင်း-ညောင်ကုန်း ကျေးရွာချင်းဆက်မြေသားလမ်းဖြစ်ပြီး စုစုပေါင်းအရှည် ၂ မိုင် ၁ ဖာလုံရှိကြောင်း သိရသည်။
ယင်းအနက် ကျောင်းစုကျေးရွာအုပ်စု၊ ဖန်ခါးကွင်းကျေးရွာ၊ ကျွဲတလင်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာများကို ဆက်သွယ်ပေးထားသည့် လမ်းပိုင်းမှာ ပေ ၈,၅၀၀ ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
အဆိုပါ ပေ ၈,၅၀၀ လမ်းပိုင်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးသဖြင့် ဌာနပိုင်လမ်းစာရင်းတွင် ထည့်သွင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိလမ်းမှာ အကျယ် ၁၅ ပေခန့်သာရှိသည့် မြေသားလမ်းဖြစ်သဖြင့် လိုအပ်သည့် လမ်းအကျယ်ရရှိစေရန် လမ်းတာဘောင်ချဲ့ထွင်ခြင်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။
သတ်မှတ်ထားသည့် လမ်းအကျယ်ရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လမ်းကော်မတီများနှင့် လယ်ယာမြေပိုင်ရှင်များအကြား ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် လမ်းအသုံးပြုသူများ လတ်တလော သွားလာရလွယ်ကူစေရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရရှိထားသည့် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ်အတွင်းမှ လမ်းပြုပြင်ထိန်းသိမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြင်ဆင်ထိန်းသိမ်းရန် လုပ်ငန်းများ ထပ်မံလိုအပ်ပါက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသည့် လမ်းပိုင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဓနုဖြူမဲဆန္ဒနယ်မှ ဦးနိုင်ဝင်းက ဖန်ခါးကွင်း၊ ကျွဲတလင်းနှင့် ညောင်ကုန်းကျေးရွာချင်းဆက်လမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဓနုဖြူမြို့နယ်၏ အနောက်မြောက်ဘက်၊ မြို့နှင့် မိုင် ၃၀ ခန့်ဝေးကွာသည့် ဖန်ခါးကွင်း၊ ကျွဲတလင်း၊ ညောင်ကုန်း၊ ဇီးဖျောက် စသည့်ကျေးရွာများသည် ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်ရှိ ကျေးရွာများနှင့် ထိစပ်လျက်ရှိပြီး ဓနုဖြူမြို့ပေါ်နှင့် အလှမ်းဝေးသည့် ကျေးရွာများဖြစ်ကြောင်း ဦးနိုင်ဝင်းက ပြောသည်။
အဆိုပါကျေးရွာများရှိ ဒေသခံအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြကြောင်းလည်း ၎င်းက ဆိုသည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဇီးဖျောက်ကျေးရွာ ဇီးဖျောက်ကျောင်းတိုက်ဆရာတော်ကြီး ဦးဆောင်၍ အနီးအနားကျေးရွာများမှ ပြည်သူများနှင့်ပူးပေါင်းကာ ဖန်ခါးကွင်း-ကျွဲတလင်း-ညောင်ကုန်း ကျေးရွာချင်းဆက်လမ်းကို အရှည် ပေ ၈,၅၀၀၊ အကျယ် ၁၈ ပေဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးနိုင်ဝင်းက ပြောသည်။
ဇီးဖျောက်ကျေးရွာကျောင်းတိုက်ဆရာတော်က ယနေ့အထိ နှစ်စဉ်ဆိုသလို ဦးဆောင်၍ ဒကာ၊ ဒကာမများ၊ ရွာသူရွာသားများနှင့် အလှူရှင်များ ပူးပေါင်းကာ လမ်းဖောက်လုပ်ခြင်း၊ လမ်းပြင်ဆင်ခြင်းနှင့် အခြားကုသိုလ်ပြုလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယင်းလမ်းကို အသုံးပြု၍ ဇီးဖျောက်နှင့် ညောင်ကုန်းကျေးရွာများမှ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၅၀ ခန့်သည် စက်ဘီးများဖြင့် ကျွဲတလင်းအလယ်တန်းကျောင်းသို့ ကျောင်းတက်၊ ကျောင်းဆင်း သွားလာနိုင်ကြသည့်အပြင် ရဟန်းရှင်လူပြည်သူများအတွက်လည်း အားထားအသုံးပြုနေရသည့် လမ်းဖြစ်ကြောင်း ဦးနိုင်ဝင်းက ပြောသည်။
၎င်းကိုယ်တိုင်လည်း ဇနီးဖြစ်သူ တာဝန်ကျရာ စခန်းကြီးကျေးရွာရှိ တော်ပြားအခြေခံပညာအထက်တန်းကျောင်းသို့ လေးနှစ်ကျော်ကာလအတွင်း အကြိုအပို့ အခေါက်ရေ ၂၀၀ ကျော် အဆိုပါလမ်းကို အသုံးပြုခဲ့ရကြောင်း၊ လမ်းမှာ အလွန်ကြမ်းတမ်းခက်ခဲပြီး မြို့ပြနှင့် အလှမ်းဝေးသည့် လမ်းတစ်လမ်းဖြစ်ကြောင်း ပြောသည်။
ထို့အပြင် လွှတ်တော်နားနေချိန်အတွင်း အဆိုပါဒေသသို့ သုံးကြိမ်ခန့် ကွင်းဆင်းကာ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒကို သိရှိခဲ့ကြောင်း ဦးနိုင်ဝင်းက ပြောသည်။
ထို့ကြောင့် အရှည် ပေ ၈,၅၀၀၊ အကျယ် ၁၈ ပေရှိသည့် ဖန်ခါးကွင်း-ကျွဲတလင်း-ညောင်ကုန်း ကျေးရွာချင်းဆက်လမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါက ကျေးရွာခွဲပေါင်း ၂၁ ရွာနှင့် လူဦးရေ ၁၄,၃၁၀ ခန့်အတွက် သွားလာရေးအပါအဝင် အခြားကိစ္စများတွင် အဆင်ပြေချောမွေ့လာမည်ဖြစ်သဖြင့် အဆိုပါလမ်းကို အဆင့်မြှင့်တင်ပေးမည့် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews
#PAN