(လွှတ်တော်) စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်ရှိ လက်မဲပြင်-ဒိုးတန်း-နဂါးလမ်းပိုင်းမှ မြေသားလမ်း ၃ မိုင်အနက် ၁ မိုင်ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။
မာန်အောင်မြို့နယ်၊ ဆင်နားချောင်ကျေးရွာမှ ဒိုးတန်းကျေးရွာအထိ လမ်းပိုင်းသည် အရှည် ၆ မိုင်၊ ၄.၁၅ ဖာလုံရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ဆင်နားချောင်ကျေးရွာမှ လက်မဲပြင်ကျေးရွာအထိ လမ်းပိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက စီမံခန့်ခွဲသည့် လမ်းပိုင်းဖြစ်ကြောင်း သိရသည်။
သိမ္ဘလ-ဆင်နားချောင်-ကင်းတဲ-လက်မဲပြင်အထိ လမ်းပိုင်းမှာ အရှည် ၅ မိုင်၊ ၀.၁၅ ဖာလုံရှိပြီး လက်ရှိတွင် ၁၂ ပေကွန်ကရစ်လမ်း ၁ မိုင်၊ ၃.၃၅ ဖာလုံနှင့် ကျောက်ချောလမ်း ၃ မိုင်၊ ၄.၈ ဖာလုံရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ပျက်စီးနေသည့် လမ်းပိုင်း ၃ မိုင်နှင့် ၂.၃ ဖာလုံကို ဗြုန်းကျောက်စရစ်ခင်းခြင်းလုပ်ငန်းများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ကျပ် ၃၈.၇ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် လမ်းပိုင်းအနက် ၂.၅ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်။
ထို့အပြင် လက်မဲပြင်-ဒိုးတန်း-နဂါးလမ်းသည် အရှည် ၄ မိုင်၊ ၄ ဖာလုံရှိပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသည့် Class (B) အဆင့်ရှိ လမ်းဖြစ်ကြောင်း သိရသည်။
လက်မဲပြင်ကျေးရွာမှ ဒိုးတန်းကျေးရွာအထိမှာ ကျောက်ချောလမ်း ၁ မိုင်၊ ၄ ဖာလုံရှိပြီး ရာသီမရွေး သွားလာနိုင်သည့်လမ်းဖြစ်သဖြင့် ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်ပါက ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ်အတွင်းမှ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
ဒိုးတန်းကျေးရွာမှ နဂါးကျေးရွာအထိ လမ်းပိုင်းမှာ မေးခွန်းမေးမြန်းသည့် ကိုယ်စားလှယ်၏ တင်ပြချက်တွင် မပါဝင်သော်လည်း မြေသားလမ်း ၃ မိုင်ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအရ ရာသီမရွေး သွားလာနိုင်သည့်လမ်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းမြေသားလမ်း ၃ မိုင်အနက် ၁ မိုင်ကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသိုက်စိုးက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မာန်အောင်မဲဆန္ဒနယ်မှ ရခိုင်တိုင်းရင်းသားများပါတီဝင် ဦးကျော်သန်းက မာန်အောင်မြို့နယ်၊ ဆင်နားချောင်ကျေးရွာမှ ဒိုးတန်းကျေးရွာအထိ ကျန်ရှိနေသည့် ကျောက်ချောလမ်းကို ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်းသည် မာန်အောင်ကျွန်း၏ အလယ်ပိုင်းတွင်ရှိသည့် ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး ကျေးရွာ ၇ ရွာ၊ လူဦးရေ ၄,၈၇၇ ဦး နေထိုင်ကြကာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နေ့စဉ်သွားလာနေသည့် လမ်းဖြစ်ကြောင်း ဦးကျော်သန်းက ပြောသည်။
အထက်တန်းကျောင်းရှေ့ရှိ ဆင်နားချောင်ကျေးရွာသို့ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်သည် စက်ဘီး၊ ဆိုင်ကယ်များဖြင့် သွားရောက်ကျောင်းတက်နေရပြီး လမ်းများပျက်စီးနေသဖြင့် သွားလာရာတွင် အန္တရာယ်များနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။
အဆိုပါလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါက ကျေးရွာများရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ဦးကျော်သန်းက ပြောကြားသည်။
ထို့ကြောင့် အဆိုပါကျေးရွာ ၇ ရွာမှ လူဦးရေ ၄,၈၇၇ ဦး၏ အခက်အခဲများကို ထည့်သွင်းစဉ်းစားပေးရန်အတွက် ကျောက်ချောလမ်း ၅ မိုင်၊ ၂ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အဆင့်မြှင့်တင်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို မဲဆန္ဒရှင်ပြည်သူများကိုယ်စား မေးမြန်းခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews
#PAN