(လွှတ်တော်) စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် စက်သုံးဆီဈေးနှုန်းများ သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းခွင့်နှင့် သွင်းကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးရန် မူဆယ်မဲဆန္ဒနယ်မှ ဦးအောင်ဇော်မိုး(ခ) အောင်ဇော်မိုးထွန်းက ပြည်သူ့လွှတ်တော်တွင် မေးမြန်းတောင်းဆိုခဲ့သည်။မူဆယ်ခရိုင်အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသို့ ၂၀၂၃ ခုနှစ် မတ်လမတိုင်မီက စက်သုံးဆီများကို ရန်ကုန်-မန္တလေး-လားရှိုးလမ်းကြောင်းမှတစ်ဆင့် စက်သုံးဆီတင်ယာဉ်များဖြင့် သယ်ယူဖြန့်ဖြူးခဲ့ကြောင်း ဦးအောင်ဇော်မိုးက ပြောသည်။
၂၀၂၃ ခုနှစ် မတ်လမှစတင်၍ မူဆယ်မြို့အတွက် ရန်ကုန်မှတစ်ဆင့် ဝယ်ယူဖြန့်ဖြူးခြင်းအစား ဒေသခံကုမ္ပဏီ ၄ ခုကို တာဝန်ပေးကာ တရုတ်နိုင်ငံမှ စက်သုံးဆီများကို မူဆယ်မြို့နယ်၊ ကျင့်စန်းကျော့နယ်စပ်ဂိတ်မှ တင်သွင်းဖြန့်ဖြူးခဲ့ပြီး ထိုသို့ တင်သွင်းဖြန့်ဖြူးမှုကြောင့် မူဆယ်ဒေသတွင် စက်သုံးဆီကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ခဲ့ကြောင်း သိရသည်။
ထိုအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မူဆယ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ တန့်ယန်းခရိုင်နှင့် လားရှိုးခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းလိုင်စင်ရရှိထားသည့် ကုမ္ပဏီ ၄ ခုအား ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် စက်သုံးဆီတင်သွင်းရန် Pilot Project အဖြစ် ကနဦးခွင့်ပြုခဲ့သည်။
အဆိုပါကုမ္ပဏီ ၄ ခုက လစဉ်ဓာတ်ဆီတန် ၁,၀၀၀ ခန့်နှင့် ဒီဇယ်ဆီတန် ၁,၀၀၀ ခန့် တင်သွင်းဖြန့်ဖြူးခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် နယ်မြေအခြေအနေကြောင့် ကျင့်စန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်သွားပြီးနောက် မူဆယ်မြို့ပေါ်ရှိ မန်ဝိန်းဂိတ်မှတစ်ဆင့် စက်သုံးဆီများ တင်သွင်းခွင့်ပြုကာ မူဆယ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
ထို့နောက် ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်တွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့် တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းခွင့်ကို ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လအတွင်းမှသာ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ပြန်လည်တင်သွင်းခွင့်ပြုချိန်တွင် တစ်လလျှင် ဓာတ်ဆီတန် ၄၀၀ ခန့်နှင့် ဒီဇယ်ဆီတန် ၄၀၀ ခန့် တင်သွင်းခဲ့သော်လည်း သွင်းကုန်လိုင်စင်ခွင့်ပြုသည့် ပမာဏများကုန်ဆုံးသွားသဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းအထိသာ တင်သွင်းနိုင်ခဲ့ပြီး ထပ်မံ၍ သွင်းကုန်လိုင်စင်များ ခွင့်ပြုခြင်းမရှိခဲ့ကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်။
ဦးအောင်ဇော်မိုးက ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းတွင် နယ်မြေလုံခြုံရေးအခြေအနေအရ တရုတ်နိုင်ငံဘက်မှ စက်သုံးဆီတင်သွင်းမှုကို ယာယီရပ်ဆိုင်းခဲ့သဖြင့် မူဆယ်မြို့တွင် စက်သုံးဆီပြတ်တောက်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောသည်။
ယင်းအခြေအနေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ မူဆယ်မြို့၏ အမှန်တကယ်အသုံးပြုရန် အနည်းဆုံးလိုအပ်ချက်ကို တွက်ချက်တင်ပြစေခဲ့ပြီး ဓာတ်ဆီနှင့် ဒီဇယ် တန် ၄၀၀ စီ တင်သွင်းခွင့်ရရှိရေး တင်ပြခဲ့ကြောင်း သိရသည်။
ထိုတင်ပြချက်အရ နိုင်ငံတော်အစိုးရက တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သဖြင့် ၂၀၂၅ ခုနှစ် မတ်လတွင် မူဆယ်မြို့အသုံးပြုရန် ဓာတ်ဆီနှင့် ဒီဇယ် တန် ၄၀၀ စီ ပြန်လည်တင်သွင်းခွင့်ရရှိခဲ့ပြီး မူဆယ်မြို့တွင်းသို့ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ဦးအောင်ဇော်မိုးက ဆိုသည်။
မူဆယ်မြို့တွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချရာတွင်လည်း အသုံးပြုမည့်ကား၊ ဆိုင်ကယ်နှင့် လုပ်ငန်းတစ်ခုချင်းစီအလိုက် အသေးစိတ်စိစစ်ပြီး ဝယ်ယူခွင့်နှုန်းထားများ သတ်မှတ်ပေးခဲ့ကြောင်း၊ QR Code စနစ်မရှိသေးသည့်အချိန်ဖြစ်သဖြင့် ယခင်က အသုံးပြုခဲ့သည့် စက်သုံးဆီဝယ်ယူခွင့်မှတ်တမ်းစာအုပ်ပုံစံ ပြုလုပ်ပေးကာ ရောင်းချပေးခဲ့ကြောင်း ၎င်းက ပြောသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းအထိသာ စက်သုံးဆီတင်သွင်းနိုင်ခဲ့ပြီးနောက် တင်သွင်းသည့်ကုမ္ပဏီများ၏ သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးသွားသဖြင့် တင်သွင်းဖြန့်ဖြူးမှု ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မူဆယ်မြို့သည် နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေပြီး အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေသည့် မြို့တစ်မြို့ဖြစ်သည့်အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း လုံခြုံရေးအခြေအနေအရ အခြားမြို့များနှင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသည့် မြို့ဖြစ်ကြောင်း ဦးအောင်ဇော်မိုးက ပြောသည်။
ထို့ကြောင့် မူဆယ်မြို့အတွက် စက်သုံးဆီကို ရန်ကုန်မြို့မှတစ်ဆင့် တင်ပို့ရန် လုံးဝမဖြစ်နိုင်သဖြင့် တရုတ်နိုင်ငံမှ တင်သွင်းခွင့်ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မူဆယ်မြို့၏ အနည်းဆုံးလိုအပ်ချက်ဖြစ်သည့် လစဉ်ဓာတ်ဆီနှင့် ဒီဇယ် တန် ၄၀၀ စီကို တရုတ်နိုင်ငံ ရွှေလီမြို့မှ မူဆယ်မြို့သို့ မန်ဝိန်းဂိတ်မှတစ်ဆင့် တင်သွင်းနိုင်ရေး ခွင့်ပြုပေးရန် တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။
တရားဝင်သွင်းကုန်လိုင်စင် ချထားပေးခြင်းမရှိသဖြင့် မူဆယ်မြို့ပြင်ပရှိ အုပ်ချုပ်ရေးယန္တရားမရှိသည့် တရုတ်နိုင်ငံနယ်စပ်ဒေသများဖြစ်သည့် နန်းခမ်း၊ ကျင့်စန်းကျော့၊ မိုးကုတ် စသည့်နေရာများမှ တရားမဝင်စက်သုံးဆီများ တင်သွင်းရောင်းချနေကြကြောင်း ဦးအောင်ဇော်မိုးက ပြောသည်။
၎င်း၏ ပြောကြားချက်အရ နန်းခမ်းတွင် ဓာတ်ဆီနှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၅,၀၀၀ ခန့်၊ ၁၀၅ မိုင်တွင် တစ်လီတာလျှင် ကျပ် ၅,၄၀၀ ခန့်ရှိသော်လည်း မူဆယ်မြို့ပေါ်တွင် တစ်လီတာလျှင် ကျပ် ၆,၁၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။
မူဆယ်မြို့နှင့် ခြံစည်းရိုးသာခြားသည့် ကျယ်ဂေါင်တွင်လည်း ဓာတ်ဆီတစ်လီတာလျှင် ၇.၄၄ ယွမ်၊ ကျပ် ၄,၉၀၀ ခန့်သာရှိကြောင်း ၎င်းက ပြောသည်။
သွင်းကုန်လိုင်စင်ခွင့်ပြုပေးပြီး မူဆယ်မြို့ပေါ်တွင် ဝမ်းဂစ်ခန့်သာ တင်သွင်းခွင့်ရရှိပါက ဓာတ်ဆီတစ်လီတာလျှင် အများဆုံး ကျပ် ၅,၀၀၀ ခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း ဦးအောင်ဇော်မိုးက ပြောသည်။
လက်ရှိတွင် မြို့ပေါ်ပြည်သူများက စက်သုံးဆီအတွက် ငွေပိုမိုပေးချေနေရသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ဝင်ငွေရရှိခြင်းမရှိဘဲ လက်နက်ကိုင်အဖွဲ့အစည်းများက တရားမဝင်အခွန်ကောက်ခံခွင့် ရရှိနေပြီး နိုင်ငံတော်အတွက် ဝင်ငွေများ နစ်နာဆုံးရှုံးနေကြောင်း ၎င်းက ပြောဆိုခဲ့သည်။
မူဆယ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရသည့်အပြင် ပတ်ပတ်လည်မှ အဝိုင်းခံထားရသည့်အတွက် အန္တရာယ်နှင့် ရင်ဆိုင်နေကြရကြောင်းလည်း ဦးအောင်ဇော်မိုးက လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့ကြောင့် မူဆယ်မြို့မှ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် ယခင်ဆောင်ရွက်ခဲ့သည့် နည်းလမ်းအတိုင်း တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းမှုကို သွင်းကုန်လိုင်စင်ချထားပေးပြီး မူဆယ်မြို့ မန်ဝိန်းဂိတ်မှတစ်ဆင့် တင်သွင်းဖြန့်ဖြူးပေးပါက စက်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက်လည်း အခွန်ငွေရရှိမည်ဖြစ်ကြောင်း ၎င်းက တင်ပြခဲ့သည်။
ယင်းအတွက် မူဆယ်မြို့အတွက် စက်သုံးဆီတင်သွင်းမှုကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့်ကာလအတွင်း ခွင့်ပြုခဲ့သကဲ့သို့ တရုတ်နိုင်ငံမှ တရားဝင်တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးနိုင်မည့် အချိန်နှင့် အစီအစဉ်ကို မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ဖြေကြားရာတွင် နယ်စပ်ဒေသမှ စက်သုံးဆီတင်သွင်းရာ၌ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုတန်ချိန်အတိုင်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီထံ တင်ပြပြီး တင်သွင်းခွင့်ပြုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတွင် သွင်းကုန်လိုင်စင်လျှောက်ထားကာ တင်သွင်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း၏ လက်ရှိနယ်မြေအခြေအနေများကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စက်သုံးဆီတင်သွင်းရန် အခက်အခဲများရှိနေသော်လည်း ယခင်တင်သွင်းခဲ့သည့် အခြေအနေများနှင့် အခြားနယ်စပ်စခန်းများမှ တင်သွင်းနိုင်မှုအခြေအနေများကို စိစစ်၍ ပြန်လည်တင်သွင်းခွင့်ပြုနိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

Telegram – t.me/positiveanglenews
#PAN