ပိုလန်ရောက် မြန်မာ့ဆန်တန် ၂၅၀ ပိုးမွှားအသေတွေ့ရှိမှုအပေါ် ဆန်စပါးအသင်းချုပ် ရှင်းလင်း

(စီးပွားရေး) စက်တင်ဘာ ၁၂

ပိုလန်နိုင်ငံ Gdańsk ဆိပ်ကမ်းမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဆန်ဖြူ တန် ၂၅၀ တွင် ပိုးမွှားအသေများနှင့် ပိုးမွှားအကြွင်းအကျန်များ တွေ့ရှိခဲ့ကြောင်း သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရှင်းလင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ရှင်းလင်းချက်အရ ပိုလန်နိုင်ငံသည် မိမိနိုင်ငံအတွင်း အသုံးပြုရန်အပြင် ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံများအတွက်ပါ မြန်မာ့ဆန်ဖြူနှင့် ပေါင်းဆန်ကို ပုံမှန်ဝယ်ယူတင်သွင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပိုလန်နိုင်ငံသို့ ဆန်ဖြူနှင့် ပေါင်းဆန်တင်ပို့မှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉,၄၃၂ ကို ကုမ္ပဏီ ၃၆ ခုဖြင့် လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၆၄,၇၅၂ ကို ကုမ္ပဏီ ၂၉ ခုဖြင့် လည်းကောင်း တင်ပို့ခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၇,၃၄၃ တင်ပို့ထားကြောင်း အသင်းချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါကာလများအတွင်း စုစုပေါင်း ဆန်တန်ချိန် ၁၈၁,၅၂၇ တင်ပို့ထားကြောင်း သိရသည်။ သို့သော် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် တင်ပို့သည့် ကုမ္ပဏီအရေအတွက်ကို အသင်းချုပ်၏ ထုတ်ပြန်ချက်တွင် “ကုမ္ပဏီ JJ ခု” ဟုသာ ဖော်ပြထားပြီး အရေအတွက် အတိအကျ မရှင်းလင်းသေးကြောင်း တွေ့ရသည်။

ယခုရက်ပိုင်းအတွင်း TVP News က ဖော်ပြခဲ့သည့် သတင်းတွင် တန်ချိန် ၂၅၀ ပါ မြန်မာ့ဆန်တင်ပို့မှု၌ ပိုးမွှားအသေ (Dead Insect) နှင့် ပိုးမွှားအကြွင်းအကျန်များ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း တင်သွင်းသူ မည်သူမည်ဝါဖြစ်သည်၊ ပိုလန်နိုင်ငံ Gdańsk ဆိပ်ကမ်းမြို့သို့ မည်သည့်နေ့ရက်တွင် ရောက်ရှိခဲ့သည်၊ မည်သည့်ကုမ္ပဏီက တင်သွင်းဖြန့်ဖြူးရောင်းချမည်ဖြစ်သည်တို့ကို ဖော်ပြထားခြင်း မရှိကြောင်း ဆန်စပါးအသင်းချုပ်က ရှင်းလင်းထားသည်။

ထို့အပြင် ယခုနှစ် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် စံပယ်ဆန်မွှေး တန် ၄၀ ကို ကုန်အမှတ်တံဆိပ် မမှန်ကန်မှုကြောင့် တားဆီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်းနှင့် ယူကရိန်း၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘရာဇီး၊ တောင်အာဖရိကနှင့် အာဂျင်တီးနားနိုင်ငံများမှ စားသောက်ကုန်များကိုလည်း မကြာခဏ စစ်ဆေးဆောင်ရွက်ရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ပိုလန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် သင်္ဘောမတင်မီ စစ်ဆေးမှု (Pre-shipment Inspection) နှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များကို တတိယအဖွဲ့အစည်း (Third Party Inspector) များဖြင့် စစ်ဆေးဆောင်ရွက်ရကြောင်း အသင်းချုပ်က ဆိုသည်။

စစ်ဆေးမှုများတွင် Microbiological Requirements၊ Phytosanitary၊ GMO Free၊ Fumigation၊ Heavy Metals၊ Mycotoxins၊ Other Toxins နှင့် Pesticides Residue စသည့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဆန်ပို့ကုန်ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် International Trade Incoterms များနှင့်အညီ FOB စနစ်ဖြင့် တင်ပို့ကြခြင်းဖြစ်ကြောင်း အသင်းချုပ်က ရှင်းလင်းထားသည်။

FOB စနစ်အရ သင်္ဘောတင်ပြီးချိန်အထိ ကုန်တင်ပို့သူ (Seller) ဘက်တွင် တာဝန်ရှိပြီး ထိုအချိန်နောက်ပိုင်း အရည်အသွေးဆိုင်ရာ တာဝန်များမှာ စာချုပ်အရ ဝယ်ယူသူ (Buyer) နှင့် အရည်အသွေးစစ်ဆေးသည့် တတိယအဖွဲ့အစည်းများနှင့် အဓိကသက်ဆိုင်ကြောင်း အသင်းချုပ်က ဖော်ပြထားသည်။

ထို့အပြင် သင်္ဘောဖြင့် ခရီးကွာဝေးမှုကြောင့် သယ်ယူပို့ဆောင်ချိန် ကြာမြင့်ခြင်း၊ ဝယ်ယူတင်သွင်းသူ၏ သင်္ဘောစီစဉ်မှုနှင့် ကုန်သေတ္တာထုတ်ယူမှုအပါအဝင် အခြားကိစ္စရပ်များကြောင့်လည်း ကုန်ပစ္စည်းရောက်ရှိချိန် ကြာမြင့်နိုင်ကြောင်း သိရသည်။

သို့ဖြစ်ရာ မြန်မာ့ဆန်တင်ပို့သူများအနေဖြင့် အရည်အသွေးစီမံခန့်ခွဲမှုစနစ်များကို ပိုမိုဂရုပြု၍ အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် အသင်းချုပ်က အသိပေးထားသည်။

ပိုလန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံများနှင့် အခြားဆန်ဝယ်လက်နိုင်ငံများရှိ ဝယ်ယူသူ (Buyer) များနှင့် မြန်မာနိုင်ငံရှိ ဆန်တင်ပို့ရောင်းချသူ (Seller-Exporter) များအကြား စာချုပ်များကို ခိုင်မာစွာချုပ်ဆိုပြီး အရည်အသွေးပိုင်းဆိုင်ရာ တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို ရှင်းလင်းတိကျစွာ ထည့်သွင်းဖော်ပြဆောင်ရွက်ရန် အသင်းဝင် ပို့ကုန်ကုမ္ပဏီများအား တိုက်တွန်းထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်လေ့လာသုံးသပ်ပြီး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်ပြကာ လမ်းညွှန်မှုရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။