သံဖြူဇရပ်မြို့နယ်က 2026 ASEAN Smoke-Free Award တတိယဆု ရရှိ

(ကျန်းမာရေး) စက်တင်ဘာ ၁၂မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်သည် ၂၀၂၆ ခုနှစ်အတွက် ASEAN Smoke-Free Award တတိယဆု ကို အင်ဒိုနီးရှားနိုင်ငံ၊ ဒီးပေါ့ခ်မြို့၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဖိလစ်ပိုင်နိုင်ငံ၊ ပါစစ်မြို့နှင့် ထိုင်းနိုင်ငံ၊ မဟာဆာရာခမ်မြို့တို့နှင့်အတူ ရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုကို လျှော့ချနိုင်ရန်နှင့် ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဆေးလိပ်ငွေ့ကင်းစင်နေရာများ သတ်မှတ်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆေးလိပ်ငွေ့ကင်းစင်နေရာများ သတ်မှတ်ခြင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်း လက်ထက်တွင် အကောင်အထည်ဖော်ခဲ့ပြီး သံဖြူဇရပ်မြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ စုစုပေါင်း ၁၁၆ နေရာအထိ သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်မှစတင်၍ ကျိုက္ခမီရေလယ်ဘုရား၊ ဓနသဟာရစစ်သင်္ချိုင်းနှင့် သေမင်းတမန်မီးရထားလမ်းပြတိုက် တို့ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် စတင်သတ်မှတ်ခဲ့ကြောင်း သိရသည်။ထို့နောက် သံဖြူဇရပ်မြို့တွင်းရှိ အစိုးရဌာနရုံးများ၊ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများ၊ စာသင်ကျောင်းများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ အားကစားကွင်းများ၊ ကျိုက္ခမီဘုရားပရဝုဏ်၊ အမှတ်တရပစ္စည်းဆိုင်များနှင့် စားသောက်ဆိုင်နေရာများကိုလည်း ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် ထပ်မံသတ်မှတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆေးလိပ်ငွေ့ကင်းစင်သည့် နေရာများ တိုးချဲ့သတ်မှတ်ကာ ပြည်သူများအတွက် ပိုမိုကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန် ဆောင်ရွက်ခဲ့မှုများအတွက် သံဖြူဇရပ်မြို့နယ်က ၂၀၂၆ ASEAN Smoke-Free Award တတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။