

(ပြည်တွင်း) စက်တင်ဘာ ၁၂
နိုင်ငံတစ်ဝှမ်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားနေချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၈၉ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားတွင် လျှပ်စစ်ဓာတ်အားလိုင်းများ ဆောင်ရွက်နေသည့် လျှပ်စစ်လုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံးမှု စက်တင်ဘာ ၁၁ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မဟာလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး)ထံမှ သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဉ် သွားရောက်ခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် ဓာတ်အားပေးစက်ရုံအချို့နှင့် ဓာတ်အားလိုင်းအချို့ ပုံမှန်လည်ပတ်ပို့လွှတ်နိုင်ခြင်းမရှိသည့် အခြေအနေတွင် ဝန်ကြီးဌာနဝန်ထမ်းများက ပြည်သူများ ဓာတ်အားအပြည့်အဝရရှိရေးအတွက် ပျက်စီးထားသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများ ပြုပြင်ခြင်း၊ ဆက်စပ်ဓာတ်အားလိုင်းများ ပြောင်းလဲချိတ်ဆက်ခြင်းတို့ကို နေ့ညမပြတ် ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
ထိုသို့ ဆောင်ရွက်နေစဉ် ဓာတ်အားပေးစက်ရုံအများစု တည်ရှိရာ မြန်မာနိုင်ငံအထက်ပိုင်းမှ ဝန်အားသုံးစွဲမှုများပြားသည့် အောက်ပိုင်းဒေသများသို့ ဝန်အားအပြည့်ဖြင့် ဓာတ်အားပို့လွှတ်နေချိန် စက်တင်ဘာ ၁၁ ရက် နံနက် ၆ နာရီ ၂၈ မိနစ်တွင် ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်း၌ အပြစ်ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ဓာတ်အားလိုင်းကြီးအချို့ ဖျက်ဆီးခံထားရခြင်းကြောင့် ကျန်ရှိသည့် ဓာတ်အားလိုင်းများပေါ်တွင် ဝန်ပိုစီးဆင်းမှု ထပ်ဆင့်ဖြစ်ပေါ်ခဲ့ပြီး ဆင့်ကဲဓာတ်အားပြတ်တောက်မှုဖြစ်စဉ်မှတစ်ဆင့် နိုင်ငံတစ်ဝှမ်း ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများက အဆိုပါဓာတ်အားလိုင်းအပြစ်ကို ချက်ချင်းပြုပြင်ခဲ့ပြီး နံနက် ၈ နာရီ ၅၉ မိနစ်တွင် ဓာတ်အားစနစ် ပုံမှန်ပြန်လည်ပို့လွှတ်နိုင်ခဲ့ကြောင်း သိရသည်။သို့သော် မွန်းလွဲ ၁ နာရီ ၂၇ မိနစ်တွင် ၂၃၀ ကေဗွီ နေပြည်တော်-တောင်တွင်းကြီး ဓာတ်အားလိုင်း၌ အပြစ်ထပ်မံဖြစ်ပေါ်ခဲ့သဖြင့် System Breakdown ထပ်မံဖြစ်ပွားခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ထပ်မံပြင်ဆင်မှုများ ဆောင်ရွက်ပြီး ဓာတ်အားပြန်လည်ချိတ်ဆက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅၉ မိနစ်တွင် ဓာတ်အားစနစ် ပုံမှန်ပြန်လည်မောင်းနှင်နိုင်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဓာတ်အားစနစ် ပုံမှန်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကြားမှ ဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပြတ်တောက်မှုကြောင့် ပြည်သူများ ကြုံတွေ့ခဲ့ရသည့် အဆင်မပြေမှုများအပေါ် သည်းခံနားလည်ပေးကြရန် ပန်ကြားထားကြောင်း သိရသည်။