တာချီလိတ်တွင် ငွေကြေးကိစ္စ စကားများရာမှ အမျိုးသားတစ်ဦး သေနတ်နှင့်ပစ်ခံရ

(မှုခင်း) စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာတွင် အကြွေးတောင်းရာမှ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်မှာ ဝမ်လုံးကျေးရွာနေ စိုင်းဆိုင် အသက် (၄၇) နှစ်အား ၎င်း၏ နေအိမ်အပေါ်ထပ်၌ စိုင်းနောင့် ဆိုသူမှ သေနတ်နှင့် ပစ်ခတ်ခဲ့ပြီး ဝမ်ကျောက်လုံမှ တာချီလိတ်မြို့ဘက်သို့ တာချီလိတ်-ကျိုင်းတုံလမ်းအတိုင်း ကားနှင့် မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ကျည်ဆံထိမှန်မှုကြောင့် စိုင်းဆိုင်၏ ညာဘက်နံဘေးကနေ ဖောက်ဝင်ကာ ဘယ်ဘက်နံဘေးမှ ဖောက်ထွက်သွားသည့် ဒဏ်ရာရရှိခဲ့ပြီး တာချီလိတ်ဆေးရုံကြီး၌ ကုသနေကြောင်း သိရသည်။

ထို့နောက် တရားခံ စိုင်းနောင့်အား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာမှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ယင်းနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊၎င်းအား စစ်ဆေးရာ ငွေကြေးကိစ္စ စကားပြောရာမှ အဆင်မပြေသဖြင့် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ပစ်ခတ်ခဲ့သည့် သေနတ်အား သိမ်းဆည်းပြီး ဟောင်လိတ်စခန်းမှာ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN