မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေပေါ်မှ လိုက်ပါလာသူ ၁၁ ဦးအား တပ်မတော် (ရေ)က ကူညီကယ်ဆယ်

(ပြည်တွင်း) စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၈၀ ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအား တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်ကိုက် ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၀ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်မြို့၏ အရှေ့တောင်ဘက် မိုင် ၈၀ ခန့်အကွာ ပင်လယ်ပြင်အတွင်း “တိုးတိုးလွင်(၉၉)” အမည်ရှိ ငါးသယ်လှေတစ်စင်း ရေဝင်နစ်မြုပ်နေကြောင်း သတင်းရရှိခဲ့ သော‌ေကြာင့်ပင်လယ်ပြင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ် ၁ စင်းနှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ် ၁ စင်းတို့သည် အနီးအနားရှိ ဒေသခံ ငါးဖမ်းလှေများနှင့် ပူးပေါင်းကာ အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီ ကယ်ဆယ်ခဲ့ကြသည်။

ထိုသို့ သွားရောက်ကယ်ဆယ်ခဲ့ရာ အဆိုပါ ငါးသယ်လှေပေါ်မှ လိုက်ပါလာသူ အမျိုးသား ၁၁ ဦးတို့အား ရေယာဉ်ပေါ်သို့ အသက်ဘေးမှ အောင်မြင်စွာ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် ပြုစုစောင့်ရှောက်မှုများကို ချက်ချင်း ဆောင်ရွက်ပေးခဲ့သည်။

လက်ရှိတွင် ရေဝင်နစ်မြုပ်ခဲ့သည့် လှေပေါ်မှ ကူညီကယ်ဆယ်ထားသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် စိစစ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျ စောင့်ရှောက်ပေးထားကြောင်း သိရှိရသည်။