
(မှုခင်း) စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်တွင် ငွေကျပ် ၃,၆၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ၂နာရီ၄၅မိနစ် အချိန်က ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူမော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရန်ကုန်မြို့ဘက်မှ သထုံမြို့ဘက်သို့ သိန်းစိုး(ခ)ရာဂျား မောင်းနှင်ပြီး ကျော်ကျော်ထွေး(ခ) ရာဝီး လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၃၀ တုံး၊ အလေးချိန် ၁၀.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃,၆၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ သိန်းစိုး(ခ)ရာဂျား(၄၃)နှစ် နှင့် ကျော်ကျော်ထွေး(ခ)ရာဝီး(၄၁)နှစ်တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။