
(ပြည်တွင်း) စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့အနောက်ဘက် ၁၇ မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရွှေလီ(၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် အမှတ်(၆) ဓာတ်အားပေးစက်၏ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံပိုင်ရေအားလျှပ်စစ်စက်ရုံများအနေဖြင့် မိုးရာသီကာလ ရေဝင်ရောက်မှုကောင်းမွန်သည့်အချိန်များတွင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိရာ ရွှေလီ(၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ အမှတ်(၆) ဓာတ်အားပေးစက်ကိုလည်း ယခုကာလအတွင်း ထိန်းသိမ်းပြုပြင်သွားမည်ဖြစ်သည်။
အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ ချို့ယွင်းမှုနည်းပါးပြီး စက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်လာစေရန်နှင့် ရေရှည်အသုံးပြုနိုင်ရန် စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ အမှတ်(၆) ဓာတ်အားပေးစက်၏ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ၆၆ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးထားသည့် မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်သည်။
အလားတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းများနှင့် သစ်ပင်သစ်ကိုင်းများ ထိတွေ့မှုကြောင့် ဗို့အားကျဆင်းခြင်းမှ ကင်းဝေးစေရေးအတွက် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၃၃ ကေဗွီ ရေဆင်းဓာတ်အားလိုင်းကို စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ပြီး ၃၃ ကေဗွီ ဇေယျာသီရိဓာတ်အားလိုင်းကိုလည်း စက်တင်ဘာ ၁၃ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဓာတ်အားပိတ်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းကြောင့် အဆိုပါဓာတ်အားလိုင်းများအနီးရှိ ရုံးဌာနများ၊ ရပ်ကွက်များနှင့် ကျေးရွာများတွင် သတ်မှတ်ထားသည့်အချိန်များအတွင်း ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်တောက်မည့် ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။