အိန္ဒိယ-မြန်မာ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး MoU လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေး

(နိုင်ငံတကာ) စက်တင်ဘာ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ လူမှုဖူလုံရေးဝန်ကြီး ရှရီ ရှစ်ဗ်ရာဂျ် ဆင်းချောင်ဟန်နှင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် နယူးဒေလီမြို့၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် ဆက်စပ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရန် အဆင့်မြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပဲမျိုးစုံ၊ ဝါ၊ နို့ထွက်ပစ္စည်း ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးပညာရေးကဏ္ဍများတွင် စိုက်ပျိုးရေးကုန်သွယ်မှု တိုးချဲ့နိုင်မည့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။

စီးပွားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဆက်ဆံရေးများ ပိုမိုခိုင်မာစေရန် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကိုလည်း နှစ်ဖက်အကြား ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့တွင် DARE အတွင်းရေးမှူးနှင့် ICAR ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အမ်. အယ်လ်. ဂျတ်၊ DARE ဒုတိယအတွင်းရေးမှူးနှင့် ICAR အတွင်းရေးမှူး ရှရီ ဂျာနန်ဒရာ ဒက်ဗ် ထရီပါတီ၊ DoAFW ပူးတွဲအတွင်းရေးမှူး (IC) ရှရီ အေ. ကေ. ဆာဟူး၊ ICAR ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်များအားလုံးနှင့် ICAR ၏ နိုင်ငံတကာဆက်ဆံရေးဌာန အပိုဆောင်းညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နဗင်း ပီ. ဆင်း ဦးဆောင်သည့် နိုင်ငံတကာဆက်ဆံရေးအဖွဲ့တို့ ပါဝင်ခဲ့ကြသည်။