ရွှေကျင်ရေအားလျှပ်စစ်မှ ၈၀ မဂ္ဂါဝပ်ခန့် ပြန်လည်ပို့လွှတ်နိုင်ပြီး ရန်ကုန်တွင် စက်တင်ဘာ ၉ ရက်မှစ၍ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူး

(ပြည်တွင်း) စက်တင်ဘာ ၁၁

ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအပြင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။

သို့သော် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို လျစ်လျူရှု၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်ကာ အဖျက်အမှောင့်လုပ်ရပ်များကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ အဖျက်အမှောင့်လုပ်ရပ်များအနက် ၂၃၀ ကေဗွီ ရွှေကျင်-သာယာကုန်း ဓာတ်အားလိုင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ တာဝါတိုင် ၁၁ တိုင် ပြိုလဲပျက်စီးခဲ့သည်။

ယင်းကြောင့် ရွှေကျင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်နိုင်ခြင်းမရှိတော့ဘဲ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ဒေသတွင်းမြို့များ၌ အချိန်ပိုင်းဓာတ်အားဖြတ်တောက်၍ ဓာတ်အားဖြန့်ဖြူးခဲ့ရကာ အပြစ်မဲ့ပြည်သူများ၏ လူမှုစီးပွားရေးနှင့် နေ့စဉ်ဘဝများတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အစောင့်အရှောက်ရယူကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဝန်ထမ်းအင်အား ၃၀၀ တို့က ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ စွန့်လွှတ်စွန့်စားစိတ်ဓာတ်များဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် ရွှေကျင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ်အပြင် ဆက်စပ်လျက်ရှိသည့် ဓာတ်အားလိုင်းများကို ပြုပြင်ပြောင်းလဲချိတ်ဆက်နိုင်ခဲ့သဖြင့် စုစုပေါင်း မဂ္ဂါဝပ် ၈၀ ခန့်နှင့် တစ်ရက်လျှင် ယူနစ် ၃ ဒသမ ၂ သန်းကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ တိုးမြှင့်ပို့လွှတ်နိုင်ခဲ့သည်။

အဆိုပါ ဓာတ်အားပမာဏသည် တစ်ရက်လျှင် လူဦးရေ ၃ ဒသမ ၅ သန်းကို ဓာတ်အားဖြန့်ဖြူးပေးနိုင်သည့် ပမာဏဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ရန်ကုန်မြို့တွင် တစ်ရက်လျှင် ၈ နာရီခန့် ဝန်အားထိန်းညှိ၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးရန် မလိုတော့ဘဲ စက်တင်ဘာ ၉ ရက်မှစတင်၍ ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်ချိန်မှအပ ၂၄ နာရီပတ်လုံး ဓာတ်အားဖြန့်ဖြူးပေးနိုင်လျက်ရှိရာ ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ တိုးတက်မှုအတွက် အထောက်အပံ့များစွာ ဖြစ်စေခဲ့ကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ဓာတ်အားလိုင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ရှောက်ဖြည့်ဆည်းပေးမှုနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အင်တိုက်အားတိုက် ပြန်လည်ပြုပြင်နိုင်ရေး ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဓာတ်အားလိုင်းများ ပြုပြင်ပြီးစီးလာသည်နှင့်အမျှ ပြည်သူလူထုအနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ရရှိသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းကြီးများအပါအဝင် ဓာတ်အားစနစ်တစ်ခုလုံး လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ပြည်သူများအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။