ဗိုလ်တထောင်၌ အိမ်ရှင်အမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် ဖုန်းများ လုယက်ယူဆောင်သွားသူ အိမ်အကူ သားအမိ ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အိမ်ရှင်ဖြစ်သူ သက်ကြီးရွယ်အို အမျိုးသမီးအား သတ်ဖြတ်၍ စိန်နားကပ်၊ ဆွဲကြိုး၊ လက်ကိုင်ဖုန်းများနှင့် Tablet တို့အား လုယက်ယူဆောင်သွားသည့် အိမ်အကူ အမျိုးသမီးနှင့် ၎င်း၏ သမီးဖြစ်သူတို့ ၂ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၇ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်နေ ဒေါ်သိန်းမြင့် (၇၄) နှစ်အား အိမ်အကူဖြစ်သူ တင်နွယ် (၅၈) နှစ်နှင့် ၎င်း၏ သမီးဖြစ်သူ အေးမြတ်မွန်(ခ)သူသူ (၁၇) နှစ်တို့က နေအိမ်ရှေ့ဧည့်ခန်း၌ မျက်နှာပေါ်သို့ ခေါင်းအုံးနှင့် စောင်အုပ်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။ ထို့နောက် ဒေါ်သိန်းမြင့် ဝတ်ဆင်ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ် ဆွဲကြိုး ၁ ကုံး၊ SAMSUNG A20 လက်ကိုင်ဖုန်း ၁ လုံးနှင့် SAMSUNG Tablet ၁ လုံးတို့အား လုယက်ယူဆောင်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဒေါ်သိန်းမြင့်၏ ခင်ပွန်းဖြစ်သူ ဦးခင်မောင် (၇၁) နှစ်၏ တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း၌ (ပ)၅၈၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ တို့ဖြင့် အမှုဖွင့်လှစ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖမ်းဆီးရမိရေး အရှိန်အဟုန်မြှင့် စုံစမ်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

တပ်ဖွဲ့ဝင်များက သတင်းရယူ စုံစမ်းမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်သူ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာနေ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့ သားအမိ ၂ ဦးအား ကျုံမငေးမြို့၊ အဝေးပြေးကားဝင်းရှိ “အောင်ချမ်းသာ” ကားဂိတ်၌ သက်သေခံ SAMSUNG A20 လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG Tablet ၁ လုံး၊ ငွေကျပ် ၂၄၅ သိန်းတို့နှင့်အတူ အချိန်တိုအတွင်း မဖော်ထုတ်မိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် အိမ်ရှင်အား ရက်စက်စွာ သတ်ဖြတ်လုယက်ခဲ့သည့် တရားခံ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။