တောင်တွင်းကြီး တက်ပုအောင်းကျေးရွာ အထက်တန်းကျောင်းကို PDF ခြိမ်းခြောက်စာပို့

(ပြည်တွင်း) စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နှင့် ၃၅ မိုင်ခန့်အကွာရှိ တက်ပုအောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းကို PDF အကြမ်းဖက်များမှ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီခွဲခန့်တွင် ခြိမ်းခြောက်စာတစ်စောင်ပေးပို့ခဲ့ကြောင်း သိရသည်။

တက်ပုအောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းညိုသည် ကျောင်းဝင်းအတွင်းရှိ နေအိမ်မှ ကျောင်းရုံးသို့ သွားရောက်ရန် နေအိမ်ရှေ့သို့ ထွက်ခွာစဉ် ဝရန်တာကြမ်းပြင်ပေါ်တွင် ကျောင်းသုံးဗလာစာရွက်ကို လုံးချေထားသည့် အရာတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစာရွက်အား ကြည့်ရှုစစ်ဆေးရာ အပြာရောင်မှင်ဖြင့် “အုပ်ကြီး နင်အပါအဝင် နင်ရော နင့်အောက်ကဟာတွေရော သတိထားနေကြ” ဟု ရေးသားထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းညိုက တောင်တွင်းကြီးမြို့နယ် ပညာရေးမှူး ဒေါ်ခင်သန်းဌေးထံ ဖုန်းဖြင့် ဆက်သွယ်သတင်းပို့ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဌေးက ကျောင်းပိတ်ထားခြင်းမပြုရန်နှင့် ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန် မှာကြားထားကြောင်း သိရသည်။

အဆိုပါ တက်ပုအောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းညိုအပါအဝင် ဆရာ၊ ဆရာမ ၁၆ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၃၂၃ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၈ ရက်အထိ အဆိုပါကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများထံသို့ ယခင်က ခြိမ်းခြောက်စာပေးပို့မှု မရှိခဲ့ဘဲ ယခုဖြစ်စဉ်သည် ပထမဆုံးအကြိမ် ခြိမ်းခြောက်စာပေးပို့သည့် ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။