(နိုင်ငံတကာ) အောက်တိုဘာ ၃၀
မလေးရှားနိုင်ငံ၊ Taman Sri Rambai မြို့က အသက် ၇၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ရာဇဝတ်မှုမြောက် ခြိမ်းခြောက်မှုနဲ့ အသက် ၁၀ နှစ်ဝန်းကျင် မြန်မာနိုင်ငံသား ကလေး ၃ ဦးကို ပြီးခဲ့တဲ့အပတ်က တရားစွဲဆိုခဲ့ပါတယ်။
ထိုကလေး ၃ ဦးမှာ အသက် ၁၁ နှစ်အရွယ် ကလေး ၂ ဦးနဲ့ ၁၂ နှစ်အရွယ် ကလေး ၁ ဦးတို့ဖြစ်ပြီး သူတို့ကို သံ ကြမ်းတိုက်တံ၊ မီးချောင်းရှည်နဲ့ ကျောက်ခဲတွေအပါအဝင် အရာဝတ္ထုအချို့ကို အသုံးပြုပြီး အဆိုပါအမျိုးသမီးကြီးကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့မှုနဲ့ ပူးတွဲတရားစွဲဆို ခံထားရတာြဖစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန် အမှတ် ၂၃၊ Tingkat Binjai Empat Belas၊ တာမန်ဆရီရမ်ဘိုင်ရှိ နေအိမ်တစ်အိမ်ရဲ့ ရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၆၊ ပုဒ်မ ၃၄ တို့နဲ့ ပူးတွဲပြီး တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
မြို့နယ်တရားသူကြီး ရှေ့မှောက်မှာ အဆိုပါစွဲချက်တွေကို ဒုတိယအကြိမ် ဖတ်ပြချိန်မှာ မိမိတို့အနေနဲ့ အဆိုပါပြစ်မှုတွေကို မကျူးလွန်ခဲ့ဘူးလို့လည်း ထိုကလေး ၃ ဦးက ငြင်းဆိုခဲ့ကြပါတယ်။
ထိုကလေးတွေကို တရားစွဲဆိုထားတဲ့ စွဲချက်တွေဟာ တကယ်လို့ ပြစ်မှုထင်ရှားစီရင်တာကို ခံရပါက ထောင်ဒဏ် ၂ နှစ်အထိ လည်းကောင်း၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရဖို့ ရှိနေတာ ဖြစ်ပါ့တယ်။
ဒုတိယအစိုးရရှေ့နေ Zulfadzli Hassan က စွပ်စွဲခံရသူ ကလေးတစ်ဦးကို ဒေသခံ အာမခံသူ တစ်ဦးစီနဲ့ အာမခံငွေ ရင်းဂစ် ၄,၀၀၀ စီ သတ်မှတ်ပေးဖို့န် အဆိုပြုခဲ့ပြီး ၎င်းတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ကိုလည်း တရားရုံးကို အပ်နှံရန် တောင်းဆိုထားပါတယ်။
“စွပ်စွဲခံထားရတဲ့ ပြစ်မှုဟာ သူတို့ရဲ့ အိမ်နီးချင်းလည်းဖြစ်တဲ့ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်အပေါ် ရာဇဝတ်မှုမြောက် ခြိမ်းခြောက်မှုပါဝင်နေတာကို တရားရုံးအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်” လို့ အဆိုပါ အစိုးရရှေ့နေက ပြောပါတယ်။
ဒါ့အပြင် ကလေးတွေကို သူတို့ရဲ့ အနီးအနားက ရဲစခန်းမှာ နှစ်ပတ်တစ်ကြိမ် သွားရောက် သတင်းပို့ဖို့နဲ့ ကလေးတွေအပြင် ၎င်းတို့ရဲ့ မိသားစုဝင်တွေကိုပါ နစ်နာသူကို ဆက်သွယ်တာတွေ ဒါမှမဟုတ် နှောင့်ယှက်တာတွေ မပြုလုပ်ဖို့ကိုလည်း တားမြစ်လိုက်တဲ့ အပိုဆောင်းစည်းကမ်းချက်တွေကိုပါ တောင်းဆိုထားပါတယ်။
မြန်မာကလေးငယ်တွေဘက်ကတော့ ကူညီဆောင်ရွက်ပေးတဲ့ အမျိုးသားဥပဒေအကူအညီဖောင်ဒေးရှင်း (YBGK)က ရှေ့နေ Nur Najihah Ahmad Zulkarnain က ကလေးငယ်တွေရဲ့ ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ မိသားစုအခြေအနေတွေကို ထောက်ရှုပြီး အာမခံပေးဖို့ အယူခံဝင်ခဲ့ပါတယ်။
“ကလေး ၂ ဦးမှာ ကျောင်းတက်နေဆဲဖြစ်တဲ့အပြင် စွပ်စွဲခံရသူ ကလေးနှစ်ဦးရဲ့ မိခင်တွေဟာ အိမ်ရှင်မတွေဖြစ်ပြီး ကျန်တစ်ဦးရဲ့ မိခင်ကတော့ စက်ရုံအလုပ်သူဖြစ်ပါတယ်။
သူတို့ရဲ့ ဖခင်တွေကတော့ တစ်ရက်ကို ရင်းဂစ် ၁၀၀ ခန့် ရရှိတဲ့ နေ့စားအလုပ်သမားတွေဖြစ်ကြပါတယ်” လို့ သူမက ပြောပါတယ်။
တရားရုံးဘက်ကတော့ အာမခံပေးဖို့ ငြင်းပယ်ခဲ့ပြီး စာရွက်စာတမ်းတွေ တင်သွင်းရန်ဖို့ စွဲချက်ကို ပြန်လည်ဖတ်ပြဖို့အတွက် မြန်မာစကားပြန် ခန့်အပ်နိုင်ရေး အောက်တိုဘာ ၁၀ ရက်ကို ထပ်မံချိန်းဆိုခဲ့ပြီးနောက် ကလေးငယ် ၃ ဦးနဲ့ ၎င်းတို့ရဲ့ မိဘတွေဟာ တရားခွင်အတွင်းမှာ ငိုကြွေးခဲ့ကြပါတယ်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာ အနီးက ကစားကွင်းတစ်ခုမှာ ဆူညံစွာ ကစားနေတဲ့ ကလေးတစ်စုကို ထိုအမျိုးသမီးကြီးက ဆူပူကြိမ်းမောင်းခဲ့ပြီးနောက် အောက်တိုဘာ ၂၂ ရက်နေ့မှာ ထိုဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကျောက်ခဲတွေ၊ သံချောင်းတွေ၊ မီးချောင်းတွေနဲ့ ရာဇဝတ်မှုမြောက် ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုဖြစ်စဉ်ကြောင့် ထိတ်လန့်သွားခဲ့တဲ့ သူမဟာ ရဲစခန်းတွင် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာမှာ ကူညီနိုင်ဖို့အတွက် ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့မှာ အသက် ၉ နှစ်ကနေ ၁၂ နှစ်အတွင်းက မြန်မာကလေးငယ် ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

Telegram – t.me/positiveanglenews
#PAN