

(မှုခင်း) အောက်တိုဘာ ၃၁၊
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ပေါ်ကျွဲကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၈ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက နမ့်စန်မြို့နယ်အတွင်း စုံစမ်းရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ ယနေ့ အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ပေါ်ကျွဲကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁,၇၀၀ ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများထံမှ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ယာယီလူနေတဲ ၃ လုံး၊ ယာယီအလုပ်ရုံတဲ ၁ လုံး၊ ယာယီစားချက်ဆောင် ၁ လုံး၊ Starlink စက် ၂ လုံး၊ All-in-One ကွန်ပျူတာ ၇ လုံး၊ Color Printer ၁ လုံး၊ ဖုန်းအမျိုးမျိုး ၁၆ လုံး၊ အသုံးမပြုနိုင်သည့် CPU ၂ လုံး၊ မီးစက်ကြီး ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။