ဘဏ်အကောင့်ဖွင့်ပေးမည်ဟုဆိုကာ မှတ်ပုံတင်များ ပုံရိုက်ယူ၍ ကျားဖြန့်အဖွဲ့များထံ ရောင်းစားသည့် လိမ်လည်မှုများ ဖြစ်ပေါ်လျက်ရှိ

(ပြည်တွင်း) စက်တင်ဘာ ၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်နှင့် အောင်ပန်းမြို့နယ်တို့ရှိ မော်တော်ယာဉ် ရပ်နားရာနေရာများနှင့် လူသွားလူလာ များပြားသည့် နေရာများ၌ ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ် (KPay) အကောင့်များ အခမဲ့ဖွင့်ပေးမည်ဟု အကြောင်းပြကာ ဒေသခံများနှင့် ခရီးသွားပြည်သူများထံမှ မှတ်ပုံတင်နှင့် မျက်နှာဓာတ်ပုံများကို ခိုးယူကာ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အဖွဲ့များထံ ရောင်းစားနေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောင်ပန်းမြို့နယ်အတွင်း သက်လတ်ပိုင်းအရွယ် လူတစ်စုသည် ခရီးသွားများနှင့် ကုန်သည်ပြည်သူများထံ ချည်းကပ်၍ ဘဏ်အကောင့် ရမရ စိစစ်ပေးမည်၊ အခမဲ့ဖွင့်ပေးမည်ဟုဆိုကာ မှတ်ပုံတင်နှင့် ဓာတ်ပုံများကို ရယူခဲ့ကြပြီး ထိုသို့ ပုံရိုက်ခံရသူ ရွာငံဒေသခံ အမျိုးသားတစ်ဦးသည် နောက်ပိုင်းတွင် မိမိကိုယ်တိုင် KPay Center သို့ အကောင့်သွားရောက်ဖွင့်လှစ်စဉ် အဆိုပါ မှတ်ပုံတင်ဖြင့် ဘဏ်အကောင့် ဖွင့်လှစ်ပြီးသား ဖြစ်နေကြောင်း ကြုံတွေ့ခဲ့ရကြောင်းသိရသည်။

အလားတူ ရွာငံ-အောင်ပန်း သွားလမ်းပေါ်တွင်လည်း ခရီးသွားပြည်သူများ၏ မှတ်ပုံတင်နှင့် ဓာတ်ပုံများကို ရိုက်ယူသွားသည့် ဖြစ်စဉ်များရှိနေပြီး ထိုသို့ မှတ်ပုံတင်နှင့် ကိုယ်ရေးအချက်အလက်များ ခိုးယူခံရပါက တရားမဝင် ငွေထုတ်ယူမှုများ၊ တရားမဝင် ငွေကြေးခဝါချမှုများတွင် အမည်ပေါက်ပါဝင်သွားပြီး မလိုလားအပ်သည့် ဥပဒေကြောင်းအရ အရေးယူခံရမှုများ ကြုံတွေ့ရနိုင်ကြောင်း Kpay Centerက အသိပေးထားကြောင်းသိရသည်။

လက်ရှိတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အဖွဲ့များသည် အခြားသူများ၏ ဘဏ်အကောင့်များနှင့် မှတ်ပုံတင်အချက်အလက်များကို ငွေကျပ် သိန်းရာချီ ပေးအပ်၍ လိုက်လံဝယ်ယူနေကြပြီး ပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်ပုံတင်များအား မသင်္ကာသူများထံ လွယ်ကူစွာ ပေးအပ်ခြင်း၊ ဓာတ်ပုံရိုက်ခံခြင်းများ မပြုလုပ်ကြရန်နှင့် ဘဏ်အကောင့်ဖွင့်လှစ်လိုပါက တရားဝင် ဘဏ်ခွဲများသို့သာ အထောက်အထားများနှင့်တကွ သွားရောက်ဆောင်ရွက်ကြရန် လည်း Kpay Centerမှ တာဝန်ရှိသူများမှ အသိပေးအကြောင်းထားကြောင်းသိရသည်။

ထို့အပြင် လက်ရှိတွင် Viber နှင့် Telegram စသည့် လူမှုကွန်ရက် Application များမှတစ်ဆင့် “ပြောစရာတစ်ခုရှိလို့” ဆိုသည့် စာသားများ ပေးပို့ကာ တရားမဝင် အွန်လိုင်းဂိမ်း ဝက်ဘ်ဆိုက်များ ကြော်ငြာခြင်းနှင့် အကောင့်များအား Hack ယူရန် လင့်ခ်များ ပေးပို့လိမ်လည်မှုများပါ ဒွန်တွဲဖြစ်ပေါ်နေသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ကြပါရန် အသိပေးအပ်ပါသည်။