DEMU ရထားအား ခဲဖြင့်ပစ်ပေါက်သူ ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၇

နေပြည်တော်-ရန်ကုန် ပြေးဆွဲသည့် အမှတ်(၈) အစုန် DEMU လူစီးအမြန်ရထားအား ခဲဖြင့်ပစ်ပေါက်၍ ရထားပြတင်းမှန် ပျက်စီးစေခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီ ၄၁ မိနစ်တွင် အဆိုပါရထားသည် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိပြီးနောက် ရထားတွဲဆိုင်းသိမ်းဆည်းရန် အင်းစိန်မြို့ရှိ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံသို့ ထွက်ခွာလာစဉ် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ကြည့်မြင်တိုင်ဘူတာအဝင် မိုင်တိုင် ၃/၁၀ နှင့် ၃/၁၁ အကြား ဘုန်းကြီးကျောင်းလမ်းကူးအနီး၌ အမည်မသိအမျိုးသားတစ်ဦးက ရထားအား ခဲဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါခဲဖြင့်ပစ်ပေါက်မှုကြောင့် ရထားတွဲဆိုင်း၏ အထက်တန်းတွဲ DEMU (U) 5020 ၏ ခုံအမှတ် 3A နှင့် 3B အကြား ပြတင်းတံခါးဘေးရှိ လေကာမှန်မှာ နှစ်လက်မခန့် ပေါက်ထွက်ကြေမွကွဲအက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်ရာနေရာအား စစ်ဆေးခဲ့ပြီး CCTV မှတ်တမ်းများအရ လှည့်ကင်း၊ ဝပ်ကင်းအဖွဲ့များဖြင့် ရထားသံလမ်းတစ်လျှောက် ဝိုင်းပတ်ရှာဖွေခဲ့ရာ ယနေ့ နံနက် ၃ နာရီတွင် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ခတ္တာလမ်းရှိ အလုံဘူတာနှင့် ရှမ်းလမ်းဘူတာအကြား ရထားလမ်းဘေးမြောင်းအဖုံးပေါ်တွင် အိပ်နေသူ တင်ထွန်း (ခ) ဂနေးစား၊ အသက် ၄၁ နှစ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းအား CCTV မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးရာ ကိုက်ညီမှုရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်ကာ စမ်းချောင်းမြို့မရဲစခန်းတွင် (ပ)၃၆၁/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး ထပ်မံစစ်ဆေးရာ စက်တင်ဘာ ၄ ရက်ကလည်း အလားတူ အမှတ်(၈) အစုန် DEMU ရထား၏ ပထမတန်းတွဲအား ခဲဖြင့်ပစ်ပေါက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။