(မိုးဇလ) စက်တင်ဘာ ၂
နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံတွင် လက်ရှိအချိန်၌ ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး (Hydraulic Elevator Dam – HED) ၁၀ ရွက် ဖွင့်လှစ်ထားပြီး စီးဝင်ရေနှင့် သိုလှောင်ရေကို ဟန်ချက်ညီစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပေါင်းလောင်းရေလွှဆည် (အဝေရာရေလွှဆည်) မှတစ်ဆင့် ရေလမ်းကြောင်းကို ထိန်းညှိဆောင်ရွက်နေခြင်းကြောင့် ရေဝေရေလဲဒေသနှင့် စစ်တောင်းမြစ်တစ်လျှောက်တွင် ထူးကဲသည့် မိုးသည်းထန်စွာ ရွာသွန်းမှုမရှိပါက ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်ခြေမရှိကြောင်း သိရသည်။
အောက်ပေါင်းလောင်းရေလှောင်တမံ၏ မူလကန်ရေပြည့် ရေလှောင်ပမာဏမှာ ၅ ဒသမ ၄၉ သိန်း ဧကပေရှိပြီး ရေပိုလွှတွင် HED တံခါးရွက် ၂၀ တပ်ဆင်ထားသဖြင့် ရေလှောင်ပမာဏ ဧကပေ ၂၁,၀၀၀ ခန့် ပိုမိုသိုလှောင်နိုင်ကြောင်း သိရသည်။ ထိုသို့ ပိုမိုသိုလှောင်နိုင်ခြင်းကြောင့် နှစ်စဉ် ရေအားလျှပ်စစ်ယူနစ် ၈ သန်းခန့် ပိုမိုထုတ်လုပ်နိုင်ပြီး စုစုပေါင်း ရေအားလျှပ်စစ်ယူနစ် ၉၁၉ သန်း ထုတ်လုပ်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် အောက်ပေါင်းလောင်းရေလှောင်တမံသို့ သွားရောက်၍ တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှမှ ရေကျော်စီးဆင်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တမံလုံခြုံရေးနှင့် တမံဘေးကင်းလုံခြုံမှု အချက်ပြအလံလွှင့်ထူမှုစနစ်ဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
အောက်ပေါင်းလောင်းရေလှောင်တမံသည် တည်ဆောက်အသုံးပြုခဲ့သည့် ၂၁ နှစ်တာကာလအတွင်း ရေပိုလွှမှ ၁၈ ကြိမ် ရေကျော်စီးဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေပိုလွှမှ အမြင့် ၁၁ ပေကျော်အထိ ရေကျော်စီးဆင်းခဲ့ကာ ဒေသတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
သို့သော် လက်ရှိအခြေအနေအရ ဒေသ၏ ဘေးကင်းလုံခြုံရေးနှင့် ရေကြီးရေလျှံမှုအခြေအနေအတွက် စိုးရိမ်ဖွယ်မရှိကြောင်းနှင့် ရေသိုလှောင်ပမာဏများပြားသည့် တမံများ၏ အခြေအနေများကို သက်ဆိုင်ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လူမှုမီဒီယာများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#pan