
(မှုခင်း) သြဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်တွင် တောင်ကြီးမြို့မှ ရန်ကုန်မြို့ဘက်သို့ သယ်ဆောင်လာသည့် ငွေကျပ် ၇ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စောင့်ဆိုင်း စစ်ဆေး နေစဉ် ထက်အောင် မောင်းနှင်ပြီး တိုးတက်အောင် လိုက်ပါလာသော NISSAN ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၅ ဒသမ ၂၈ သန်း၊ ဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၉၂ ဘီလီယံအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းသူမှာ အောင်ပန်းမြို့၊ (၃)ရပ်ကွက်နေ ခွန်ရဲထွဋ် (ခ) ရဲထွဋ် (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးနှင့် ဖမ်းဆီးရန်ကျန် တစ်ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ ထို့အပြင် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။