
(မှုခင်း) သြဂုတ် ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း၊မူဆယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
သြဂုတ်လ ၂၇ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်များအား စုံစမ်းရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေ၊ မြို့ရှောင်လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၃၁ ဦးတို့အား ဖုန်းမျိုးစုံ ၄၂၂ လုံး၊ All In One ကွန်ပျူတာ ၁၈ လုံး၊ Desktop ကွန်ပျူတာ ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ Star Link ၂ လုံး၊ Wifi စက် ၂ လုံး၊ တရုတ်ငွေ ၂၄၅၀၀ ယွမ်၊ Lexus အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ Crown အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ်မျိုးစုံ ၃ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။