
(မှုခင်း) ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးနှင့် မှော်ဘီမြို့နယ်များတွင် တက္ကစီယာဉ်များကို ငှားရမ်းစီးနင်းပြီးနောက် ယာဉ်မောင်းများအား ခြိမ်းခြောက်ကာ ယာဉ်နှင့် ငွေကြေးများ လုယက်ခဲ့သည့် တရားခံ ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာနေ ဦးအောင်စိုး (၅၆) နှစ်သည် ၎င်းပိုင် YGN-1 DD-XXXX TOYOTA SUCCEED တက္ကစီယာဉ်ဖြင့် အလုပ်လုပ်ကိုင်နေစဉ် အမျိုးသား ၃ ဦးက ထောက်ကြန့်ဘက်သို့ သွားရောက်လိုကြောင်း ပြောဆိုငှားရမ်းခဲ့သဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်သည် မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ၊ မြေစာရင်းတောရရိပ်သာဘုန်းကြီးကျောင်း မုခ်ဝအရောက်တွင် ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးက ဦးအောင်စိုးအား ကပ်ကြေးဖြင့် ထောက်ကာ ခြိမ်းခြောက်ပြီး လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ထို့နောက် လက်နှစ်ဖက်အား ကြိုးဖြင့်တုပ်၍ ပါးစပ်ကို တိပ်ဖြင့်ပိတ်ကာ ငွေကျပ် ၄ သိန်း၊ Redmi Note 5 လက်ကိုင်ဖုန်းတစ်လုံးနှင့် တက္ကစီယာဉ်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းတွင် (ပ) ၄၀၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၄၇/၃၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပြီး တရားခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုံစမ်းဖော်ထုတ်မှုများအရ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် လုယက်ယူဆောင်သွားသည့် YGN-1 DD-XXXX TOYOTA SUCCEED တက္ကစီယာဉ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅၂)ရပ်ကွက်၊ မဒကျေးရွာ၊ အောင်သပြေလမ်းဘေး၌ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စုံစမ်းရာ ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် လုယက်မှုကျူးလွန်သူ သက်ပိုင်ဦး(ခ)ဝက်ကုန်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သက်ပိုင်ဦး(ခ)ဝက်ကုန်း၏ ထွက်ဆိုချက်အရ လုယက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သူများမှာ လှိုင်ကျော်ထွန်း(ခ)ကျော်ကြီး၊ ဝေယံ(ခ)ဖိုးစည်နှင့် ဝေယံထွန်း(ခ)ဝေယံတို့ဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်ဖမ်းဆီးခဲ့ရာ ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာနေ ဝေယံ(ခ)ဖိုးစည်၊ လှိုင်ကျော်ထွန်း(ခ)ကျော်ကြီး၊ ဝေယံထွန်း(ခ)ဝေယံ
တို့အား အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ အဆိုပါအဖွဲ့သည် ဩဂုတ် ၁၄ ရက်က တွေ့ဆုံကာ ငွေကြေးလိုအပ်မှုကြောင့် တက္ကစီယာဉ်များကို ငှားရမ်းပြီး လုယက်ရန် တိုင်ပင်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ဩဂုတ် ၁၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ကာယ(၁၂)လမ်းမှတ်တိုင်မှ TOYOTA SUCCEED တက္ကစီတစ်စီးကို ငှားရမ်းကာ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအရောက်တွင် ယာဉ်မောင်းအား ကပ်ကြေးဖြင့် ခြိမ်းခြောက်၊ ကြိုးဖြင့်တုပ်နှောင်ကာ လက်ကိုင်ဖုန်း၊ ငွေကြေးနှင့် ယာဉ်ကို လုယက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် ဩဂုတ် ၂၀ ရက် ညပိုင်းတွင်လည်း မြောက်ဥက္ကလာပမြို့နယ်မှ TOYOTA CALDINA တက္ကစီယာဉ်တစ်စီးကို ငှားရမ်းပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စိတ်ကျန်းမာရေးဆေးရုံကြီးအနီးတွင် ယာဉ်မောင်းအား ဆွဲချကာ လက်၊ ခြေထောက်များကို ကြိုးဖြင့်တုပ်၍ ပါးစပ်အား တိပ်ဖြင့်ပိတ်ခဲ့ကြောင်း၊ ထို့နောက် ဓားဖြင့် ပေါင်အား ထိုးကာ လက်ကိုင်ဖုန်း၊ ငွေကျပ် ၁ သိန်းနှင့် ယာဉ်အား လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေရာ ဩဂုတ် ၂၂ ရက်တွင် လုယက်မှုများတွင် အသုံးပြုခဲ့သည့် အရိုးအသွား ၈ လက်မခန့်ရှိ ကပ်ကြေး ၁ လက်၊ အရိုးအသွား ၁၃ လက်မခွဲခန့်ရှိ ဓားဦးချွန် ၁ ချောင်း၊ TOYOTA SUCCEED ယာဉ်မှ ဖြုတ်ယူထားသည့် Quantum ၁၂ ဗို့ ဘက်ထရီအိုး ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ YGN-9 AA-XXXX TOYOTA CALDINA ယာဉ်
တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တက္ကစီယာဉ်မောင်းများအား ဓား၊ ကပ်ကြေးများဖြင့် ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်ခဲ့သည့် သက်ပိုင်ဦး(ခ)ဝက်ကုန်း၊ လှိုင်ကျော်ထွန်း(ခ)ကျော်ကြီး၊ ဝေယံ(ခ)ဖိုးစည်နှင့် ဝေယံထွန်း(ခ)ဝေယံတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။