
(မှုခင်း) ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ရှေ့မှသွားနေသည့် ယာဉ်အား နောက်မှဝင်တိုက်ခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၃ ရက် ည ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၄ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်းအရ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ မန္တလေးမြို့မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ ဦးအောင်လွင် (၄၈) နှစ် မောင်းနှင်သည့် SUNLONG ခရီးသည်တင်ယာဉ်တွင် ခရီးသည် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၅ ဦး လိုက်ပါလာကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် လားရာတူ ရှေ့မှသွားနေသည့် လှိုင်သာယာမြို့နယ်နေ ကိုရှိန်းမင်းကို (၂၅) နှစ် မောင်းနှင်သည့် MAZDA BONGO မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် MAZDA BONGO ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်နေ ဦးအေးနိုင် (၃၇) နှစ်မှာ ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ကိုမင်းချစ်သွေး (၂၀) နှစ်နှင့် မအိချိုမွှေး (၂၆) နှစ်တို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ခဲ့သူ ခရီးသည်တင်ယာဉ်မောင်း ဦးအောင်လွင်အား ပန်းတင်အမြန်လမ်းမကြီးရဲစခန်းတွင် ယာဉ် (ပ) ၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။