အီရန်–အမေရိကန် စစ်ပွဲအဆုံးသတ်ရေး မရေရာမှုမြင့်တက်၊ ဟော်မုဇ်ရေလက်ကြား ဆက်ပိတ်ထားမည်ဟု အီရန်ပြော

(နိုင်ငံတကာ) ဩဂုတ် ၁၂

အီရန်စစ်ပွဲ အဆုံးသတ်နိုင်ရေး အလားအလာများ မှေးမှိန်လာနေချိန်တွင် အမေရိကန်နှင့် အီရန်မဟာမိတ် ယီမင်အခြေစိုက် ဟူသီအဖွဲ့တို့က အင်္ဂါနေ့တွင် သင်္ဘောများကို သီးခြားစီ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အီရန်ဘက်ကလည်း အမေရိကန်အနေဖြင့် အီရန်၏ တောင်းဆိုချက်များကို လက်ခံခြင်းမရှိသရွေ့ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် စီးဆင်းမှုအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ထားမည်ဟု ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြားသို့ ဝင်ရောက်သည့် အိုမန်ပင်လယ်ကွေ့နှင့် ပင်လယ်နီဝင်ပေါက်ရှိ Bab el-Mandeb ရေလက်ကြားအနီးတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် သဘောတူညီချက်ရရှိရန် နီးကပ်နေပြီဟု အကြိမ်ကြိမ် ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ စစ်ပွဲအဆုံးသတ်နိုင်မည့် ထင်ရှားသည့် အရိပ်အယောင်များ မတွေ့ရသေးကြောင်း သိရသည်။

ပဋိပက္ခ အမြန်ဆုံးအဆုံးသတ်နိုင်မည့် မျှော်လင့်ချက်များ လျော့ကျလာခြင်းကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာပြီး ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်များလည်း ကျဆင်းခဲ့သည်။ Brent ရေနံကြမ်းအနာဂတ်ဈေးနှုန်းသည် ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၉၁ သို့ ရောက်ရှိခဲ့ပြီး အမေရိကန်ရေနံဈေးနှုန်းမှာလည်း ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ဒေါ်လာ ၈၃ ဒသမ ၂၀ ဖြစ်ခဲ့သည်။

ပင်လယ်နီတွင် သင်္ဘောတိုက်ခိုက်ခံရမှုကြောင့် လူသေဆုံး

ပင်လယ်နီ၏ တောင်ဘက်အစွန်ရှိ Bab el-Mandeb ရေလက်ကြားတွင် အင်္ဂါနေ့က ကုန်တင်သင်္ဘောငယ်တစ်စီး တိုက်ခိုက်ခံရမှုကြောင့် သင်္ဘောသား ၄ ဦး သေဆုံးခဲ့ကြောင်း ယီမင်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ယင်းတိုက်ခိုက်မှုမှာ ဟူသီအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။

ထို့အပြင် ဟူသီဆန့်ကျင်ရေး စစ်ဘက်အဖွဲ့မှ ယီမင်ကယ်ဆယ်ရေးဝန်ထမ်း ၂ ဦးလည်း သေဆုံးခဲ့ကြောင်း ယီမင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။

အီဂျစ်ပိုင် Tihamah သင်္ဘောပေါ်တွင် ဖြစ်ပေါ်ခဲ့သည့် ယင်းသေဆုံးမှုများသည် အီရန်စစ်ပွဲ စတင်ပြီးနောက် ယီမင်အခြေစိုက် အီရန်မဟာမိတ် ဟူသီအဖွဲ့၏ သင်္ဘောတိုက်ခိုက်မှုကြောင့် ပထမဆုံးအကြိမ် သေဆုံးမှုများ ဖြစ်လာခဲ့ကြောင်း သိရသည်။

ဟူသီအဖွဲ့ထိန်းချုပ်ထားသည့် Saba သတင်းအေဂျင်စီကလည်း ပြီးခဲ့သည့်လအတွင်း ပင်လယ်နီတွင် ဆော်ဒီအာရေဗျနိုင်ငံအပေါ် ရေတပ်ပိတ်ဆို့မှု ပြုလုပ်မည်ဟု ကြေညာထားသည့် ဟူသီအဖွဲ့က Bab el-Mandeb ရေလက်ကြား၌ စစ်ရေးပစ္စည်းများ သယ်ဆောင်လာသည့် ဆော်ဒီသင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် သင်္ဘောအမည်ကို ဖော်ပြခြင်းမရှိသေးသလို ဆော်ဒီဘက်မှလည်း ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

တစ်ချိန်တည်းတွင် အမေရိကန်စစ်တပ်က အမေရိကန်ရေတပ် MH-60 ရဟတ်ယာဉ်တစ်စီးသည် ပနားမားအလံ လွှင့်ထားသော ကုန်တင်သင်္ဘောတစ်စီး၏ စတီယာရင်စနစ်ကို ပျက်စီးစေရန် Hellfire ဒုံးကျည် ၂ စင်း ပစ်ခတ်ခဲ့ကြောင်း ပြောကြားသည်။

အဆိုပါသင်္ဘောသည် အီရန်ဆိပ်ကမ်းများအပေါ် ချမှတ်ထားသည့် ရေတပ်ပိတ်ဆို့မှုကို ချိုးဖောက်နေသဖြင့် ရပ်တန့်ရန် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောကြားသည်။ သို့သော် ရေကြောင်းဆိုင်ရာ သတင်းရင်းမြစ်များက ယင်းသင်္ဘောသည် အိုမန်ပင်လယ်ကွေ့အတွင်း ဝင်ရောက်လာစဉ် ပါကစ္စတန်ကမ်းလွန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း Reuters သို့ ပြောကြားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့၏ တင်းမာသော ပြောဆိုမှုများ မြင့်တက်

ပြီးခဲ့သည့် နှစ်ရက်အတွင်း အီရန်နှင့် အမေရိကန်နှစ်နိုင်ငံစလုံးက စစ်ပွဲနှင့်ပတ်သက်၍ တင်းမာသည့် ပြောဆိုမှုများ ပိုမိုပြုလုပ်လာခဲ့သည်။

အီရန်၏ ထိပ်တန်းလုံခြုံရေးအရာရှိ မိုဟ်ဆင် ရေဇာအီ (Mohsen Rezaei) က အင်္ဂါနေ့တွင် အရေးပါသော ဟော်မုဇ်ရေလက်ကြား ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းကို အမေရိကန်က အီရန်၏ တောင်းဆိုချက်များကို လက်ခံခြင်းမရှိသရွေ့ ဆက်လက်ပိတ်ထားမည်ဟု ပြောကြားခဲ့သည်။

အီရန်၏ တောင်းဆိုချက်များတွင် အီရန်၏ ထိန်းချုပ်မရသေးသည့် ငွေကြေးပိုင်ဆိုင်မှုများကို ပြန်လည်လွှတ်ပေးရန်နှင့် လက်ဘနွန်၊ ဂါဇာအပါအဝင် ဒေသတွင်း ပဋိပက္ခများကို အဆုံးသတ်ရန်တို့ ပါဝင်ကြောင်း သိရသည်။

ယင်းပြောဆိုချက်သည် အီရန်စစ်ပွဲများ၊ တိုက်ခိုက်မှုများနှင့် ဆန္ဒပြမှုများကြောင့် သေဆုံးခဲ့သူများအတွက် လျော်ကြေးပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် တောင်းဆိုချက်အသစ် ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပဋိပက္ခတစ်လျှောက်တွင် ထရမ့်သည် စစ်ရေးအရှိန်မြှင့်မည်ဟု ခြိမ်းခြောက်ခြင်းနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် နီးကပ်နေပြီဟု ပြောဆိုခြင်းတို့ကို အလှည့်ကျ ပြုလုပ်ခဲ့သည်။

တနင်္လာနေ့နှောင်းပိုင်းက ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ထရမ့်က လက်ရှိ မသေချာမရေရာမှုများမှာ အချိန်အတော်ကြာ ဆက်လက်ရှိနေနိုင်ကြောင်း၊ တီဟီရန်၏ စီးပွားရေးကျဆင်းသွားသည်အထိ စောင့်ကြည့်နေနိုင်သလို အလွန်ပြင်းထန်စွာ တိုက်ခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။

အင်္ဂါနေ့တွင် အိုဟိုင်းယိုးပြည်နယ်သို့ သွားရောက်ပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင်လည်း ထရမ့်က အီရန်၏ အခြေအနေမှာ ကောင်းမွန်နေကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်က ထိန်းချုပ်ထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အီရန်အနေဖြင့် တစ်စုံတစ်ရာ ပြုလုပ်လာပါက ပြင်းထန်စွာ တုံ့ပြန်ခံရနိုင်ကြောင်း ထရမ့်က သတိပေးခဲ့ပြီး အီရန်သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အရှေ့အလယ်ပိုင်းကို အနိုင်ကျင့်ခဲ့သည့် နိုင်ငံဖြစ်သော်လည်း ယခုအခါ ယင်းကဲ့သို့ မဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရန် အီရန်၏ တောင်းဆိုချက်များ လိုအပ်

တနင်္ဂနွေနေ့တွင် အီရန်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒများကို ညှိနှိုင်းပေးသည့်အဖွဲ့၏ ဒုတိယခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ရေဇာအီ၏ ပြောဆိုချက်သည် ဟော်မုဇ်ရေလက်ကြားကို မကြာမီ ပြန်လည်ဖွင့်လှစ်မည်မဟုတ်ကြောင်း အီရန်ဘက်မှ အပြင်းထန်ဆုံး အချက်ပြမှုတစ်ရပ် ဖြစ်လာသည်။

စစ်ပွဲမဖြစ်ပွားမီက ဟော်မုဇ်ရေလက်ကြားမှ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စီးဆင်းမှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းခဲ့ခြင်းကြောင့် ယင်းရေလမ်းကြောင်း ပိတ်ဆို့မှုသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် သက်ရောက်မှုကြီးမားနိုင်ကြောင်း သိရသည်။

ရေဇာအီက အမေရိကန်အနေဖြင့် ၎င်းတို့၏ အပြုအမူကို မပြောင်းလဲသရွေ့နှင့် အီရန်၏ သတ်မှတ်ချက်များကို လက်မခံသရွေ့ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးမည်မဟုတ်ကြောင်း အီရန်အစိုးရပိုင် Tasnim သတင်းအေဂျင်စီမှတစ်ဆင့် ပြောကြားခဲ့သည်။

အီရန်၏ ယင်းနောက်ဆုံးပြောဆိုချက်နှင့်ပတ်သက်၍ ဝါရှင်တန်ဘက်မှ ချက်ချင်းတုံ့ပြန်ချက် ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။

အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်ကို တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရသည်။ အီရန်ကလည်း အိုမန်၊ ဂျော်ဒန်၊ ကူဝိတ်၊ အစ္စရေး၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ဆော်ဒီအာရေဗျအပါအဝင် နိုင်ငံများရှိ အမေရိကန်ပိုင်ဆိုင်မှုများနှင့် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်။

IRGC က ရန်သူနယ်မြေအတွင်း စစ်ဆင်ရေးလုပ်ဆောင်နိုင်ရန် ပြင်ဆင်

ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာများအနက် တစ်ရပ်အဖြစ် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တပ်မှူး၏ အကြံပေး မိုဟမ္မဒ် ရေဇာ နက်ခ်ဒီ (Mohammad Reza Naqdi) က အဖွဲ့အနေဖြင့် ရန်သူနယ်မြေအတွင်း စစ်ဆင်ရေးများ လုပ်ဆောင်နိုင်သည့် စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြောင်း အင်္ဂါနေ့တွင် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။

နက်ခ်ဒီက လိုအပ်လာသည့်အချိန်နှင့် အမိန့်ပေးလာသည့်အချိန်တွင် စစ်ဆင်ရေးများကို ရန်သူနယ်မြေအထိ ရွှေ့ပြောင်းလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်းနှင့် ယင်းသည် ထိုးစစ်အခြေပြု စစ်ရေးမဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအခြေအနေများကြောင့် အီရန်နှင့် အမေရိကန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်မည်လားဆိုသည်မှာ မရေမရာဖြစ်နေဆဲဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားအပါအဝင် အရှေ့အလယ်ပိုင်း၏ အရေးပါသော ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများအပေါ် ဆက်လက်စောင့်ကြည့်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

https://positiveanglenews.com/2026/07/30/အမေရိကန်နှင့်-တင်းမာမှု/

Telegram – t.me/positiveanglenews

PAN