အကြမ်းဖက်ရေးဘီးလူး Page တွင် အစိုးရနှင့် တပ်မတော်ဆန့်ကျင်သည့် အကြောင်းအရာများအား Comment၊ Like ပြုလုပ်ခဲ့သူနှစ်ဦး ဖမ်းဆီးအရေးယူခံရ

(မှုခင်း) ဩဂုတ် ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အကြမ်းဖက်ရေးဘီးလူး Page အကောင့်၌ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ဆန့်ကျင်သည့် အကြောင်းအရာများကို Comment ရေးသားခြင်း၊ Like နှင့် အသည်းပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိရသူနှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ၍ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၈ ရက် ညနေ ၄ နာရီခွဲခန့်က သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာလမ်းဝ၊ သံဖြူဇရပ်-ကျိုက္ခမီသွားကားလမ်းဘေးတွင် မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဇင်မင်းခိုင်(ခ)မင်းမင်းအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ အဆိုပါ လူမှုကွန်ရက်အသုံးပြုမှုနှင့်ပတ်သက်သည့် အချက်များကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဇင်မင်းခိုင်(ခ)မင်းမင်းသည် “လင်းလက် လမင်း” အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခု အသုံးပြုခဲ့ပြီး မေလ ၁၃ ရက်တွင် အကြမ်းဖက်ရေးဘီးလူး Page အကောင့်၌ မွန်ပြည်နယ်၊ ရေးမြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စကခ-၁၉ တပ်မတွင် တာဝန်ထမ်းဆောင်နေသော တပ်သား ၄ ဦး ရေးဘီးလူးတပ်ရင်းထံ လာရောက်အလင်းဝင်ခဲ့ကြောင်း ရေးသားထားသည့် Post အောက်တွင် “လင်းလက် လမင်း” အကောင့်ဖြင့် “ညီကိုရေ သတိတော့ထားပါ” ဟူသည့် Comment စာသား ဝင်ရောက်ရေးသားခဲ့ကြောင်း သိရသည်။

ထို့အတူ မေလ ၃၁ ရက်တွင် အဆိုပါ Page ၌ မွန်လူထုနှင့် တိုင်းရင်းသားများအပါအဝင် အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်းနှင့် မွန်သွေး၊ မွန်သမိုင်းတို့နှင့် ပတ်သက်၍ ရေးသားထားသည့် Post အောက်တွင်လည်း “လင်းလက် လမင်း” အကောင့်ဖြင့် “ဖိုက်တင်းညီကို အရာအားလုံး အထူးသတိရှိပါ” ဟူသည့် Comment စာသား ဝင်ရောက်ရေးသားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ထို့ပြင် ဩဂုတ်လ ၆ ရက်တွင် အကြမ်းဖက်ရေးဘီးလူး Page အကောင့်၌ “ငိုးမသား ရက်တစ်ရာပြည့် ရေးဘီးလူးအခြေအနေ အရှေ့တန်းမှာ အခုလို လမ်းလျှောက်ရဲလား ခေါင်းစိမ်းတို့” ဟူသည့် စာသားဖြင့် Post တင်ထားမှုအောက်တွင်လည်း “လင်းလက် လမင်း” အကောင့်ဖြင့် “ခုလိုမြင်ရ ဝမ်းသာပါတယ် ညီကိုရေ အရာအားလုံး ဂရုစိုက်ပါ” ဟူသည့် Comment စာသား ဝင်ရောက်ရေးသားခဲ့ကြောင်း သိရသည်။

အလားတူသံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ(ခ)သမီးပုသည် Facebook လူမှုကွန်ယက်တွင် Phoo Pwint Wai အကောင့်ဖြင့် ဖွင့်လှစ်သုံးစွဲ လျက်ရှိပြီး အဆိုပါ အကောင့်ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့၌ အကြမ်းဖက်ရေးဘီလူး Page အကောင့်မှ“ မိုး ရာသီ” စာသားပို့စ်တင်ထားသည့်အောက်၌ “အားလုံးဘေးကင်းကျပါစေ”စာသားကို ရေးသားခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၄ ရက်နေ့တွင် အကြမ်းဖက်ရေးဘီလူး Page အကောင့်မှ “အလှူရှင်ကြီး ကျေးဇူးပါ ခွန်အားဖြင့် ရပါတယ်ဗျား”စာသားပို့စ်တင်ထားသည့် အောက်၌ “အလှူရှင်များအားလုံးကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးကင်းကျပါစေ ” စာသားအားလည်းကောင်း၊ ဩဂုတ်လ ၆ ရက်နေ့၌ အကြမ်းဖက်ရေးဘီလူး Page အကောင့်မှ “ငိုးမသား ရက် ၁၀၀ ပြည့် ရေးဘီလူး အခြေအနေ အရှေ့တန်းမှာ ခုလိုလမ်းလျှောက်ရဲလား ခေါင်းစိမ်းတို့” စာသားပို့စ်တင်ထားသည့် အောက်၌ “အားလုံး အသက်ရှည် ကျန်းမာကြပါစေ၊ တိုက်ပွဲတိုင်းလဲအောင်မြင်ပါစေ၊ အစစအရာရာ ဂရုစိုက်ပါအကျဲရေ” စာသားအား လည်းကောင်း comment များ ဝင်ရောက်ရေးသားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးချက်များအရ ဇင်မင်းခိုင်(ခ)မင်းမင်းနှင့်မဖူးပွင့်ဝေ(ခ)သမီးပုတို့သည် အကြမ်းဖက်ရေးဘီးလူး Page အကောင့်၌ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ဆန့်ကျင်သည့် စာသားများဖြင့် Post များ တင်သည့်အခါတိုင်း Comment ရေးသားခြင်း၊ Like နှင့် အသည်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။