
(ပြည်တွင်း) ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နာအတွင်းရှိ ငဝန်ရေကာတာအား အရေးပေါ်ကာကွယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လူအင်အားအပြည့်ဖြင့် နေ့ညမနား တိုက်ပွဲဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာတမံကြံ့ခိုင်မှုရှိစေရန်အတွက် လက်ရှိတွင် ရေဝင်ရောက်နေသည့် အလျား (၈၉၀) ပေခန့်ရှိသော ရေဘေးသင့်ဧရိယာ၌ အရှည် (၁၂) မီတာရှိ Steel Sheet Pile များကို အုပ်မိုးရိုက်စိုက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ရေအောက်ကြမ်းပြင်အထိ ခိုင်ခံ့မှုရှိစေရန် Geo Bag များနှင့် သဲအိတ်များကို စနစ်တကျ ဖိသိပ်ချထားလျက်ရှိပြီး၊ တာတမံနိမ့်ကျနေသည့် နေရာများတွင်လည်း ရေထပ်မံကျော်လှံမှုမရှိစေရေးအတွက် သဲအိတ်များ ထပ်ဆင့်ကာ အရေးပေါ် ရေကာနံရံများ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တာတမံအရေးပေါ်ကာကွယ်ရေးလုပ်ငန်းစဉ်များ အချိန်မီပြီးစီးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (တံတားဦးစီးဌာန) တို့မှ တာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း လူအင်အား (၃၈၀) ဦးဖြင့် နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျစနစ်ကျင့်သုံးကာ (၂၄) နာရီပတ်လုံး မနားတမ်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။