တရုတ်နိုင်ငံသို့ အမျိုးသမီးငယ်များ ပို့ဆောင်ကာ လူကုန်ကူးခဲ့သူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

(မှုခင်း) ဇူလိုင် ၁၄

အမျိုးသမီးငယ်များအား တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ပို့ဆောင်ပေးမည်ဟု စည်းရုံးကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သည့် လူကုန်ကူးမှုကျူးလွန်သူတစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။

စုံစမ်းစစ်ဆေးချက်များအရ ရန်ကုန်တိုင်းဒေသကြီးမှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးအား တရုတ်နိုင်ငံတွင် လက်ထပ်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်ဟု မက်လုံးပေး စည်းရုံးခဲ့ပြီး ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မြစ်ကြီးနား) က အမှုဖွင့်စုံစမ်းခဲ့ပြီး တရားခံများကို တရားစွဲဆို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှုတွင် တိမ်းရှောင်နေသည့် တရားခံ ဟေမာန်ဦးကို ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ရှမ်းပြည်နယ် ကလောမြို့နယ် နန့်ပန်တက်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ပြီး မြစ်ကြီးနားခရိုင်တရားရုံးက ဇူလိုင် ၉ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

PAN