ပါရီမြို့အနီးရှိ သမိုင်းဝင် ဖွန်တင်ဘလူးတောအုပ်တွင် တောမီးများ အရှိန်အဟုန်ဖြင့် လောင်ကျွမ်း၊ ဒေသခံများ ရွှေ့ပြောင်းရပြီး ခရီးသွားလာမှုများ ထိခိုက်

(နိုင်ငံတကာ) ဇူလိုင် ၁၃

   ပြင်သစ်နိုင်ငံ၊ ဖွန်တင်ဘလူး (Fontainebleau) တောအုပ်တွင် တောမီးများ အရှိန်အဟုန်ဖြင့် လောင်ကျွမ်းနေမှုကြောင့် ဒေသခံများ နေအိမ်မှ စွန့်ခွာရွှေ့ပြောင်းခဲ့ရပြီး ရထားနှင့် အဝေးပြေးလမ်းကြောင်းများကို ထိခိုက်စေခဲ့သည်။ ဤအတော အတွင်း အနောက်ဥရောပတွင် အပူလှိုင်းဒဏ်ကို ဆက်လက်ခံစားနေရသည်။            

    တောမီးသည် ပါရီမြို့၏ အရှေ့တောင်ဘက် ၆၀ ကီလိုမီတာ (၄၂ မိုင်)ခန့်အကွာတွင်ရှိပြီး ပြင်သစ်၏ နာမည်ကျော် ဘုရင့်နန်းတော်များထဲမှ တစ်ခုတည်ရှိရာ ဖွန်တင်ဘလူးမြို့အပြင်ဘက်ရှိ အဝေးပြေးလမ်းမကြီးတစ်ခုအနီးတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

     တနင်္လာနေ့နံနက်ပိုင်းအထိ မီးတောက်များသည် ပူပြင်းသည့် လေတိုက်ခတ်မှုကြောင့် ဟက်တာပေါင်း ၈၀၀ (ဧက ၁,၉၈၀) ကျော်အထိ လောင်ကျွမ်းခဲ့သည်။ တောမီးကြောင့် ရထားလမ်း ကြောင်းများ ထိခိုက်ခဲ့ရပြီး ပြင်သစ်နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသည့် A6 အဝေးပြေးလမ်းမကြီးကို တစ်စိတ်တစ်ပိုင်း ပိတ်ထားခဲ့ရသည်။ အနီးအနားရှိ ဗိုဒူး (Vaudoue) ရွာတွင် နေအိမ် ၁၅ လုံးကို ရွှေ့ပြောင်းပေးခဲ့ရသည်။            

မီးကို ထိန်းချုပ်နိုင်ရန်အတွက် ထိုဒေသရှိ မြို့အများအပြားမှ မီးသတ်သမား ၄၀၀ ခန့် စုစည်းခဲ့ရပြီး တနင်္လာနေ့တွင် အာဏာ ပိုင်များက မီးငြိမ်းသတ်ရန် ရေပက်လေယာဉ်နှစ်စင်းကို စေ လွှတ်ခဲ့သည်။ အာဏာပိုင်များက အဆိုပါမီးလောင်မှုကို “အလွန်ပြင်းထန်” ပြီး “ခြွင်းချက်အနေဖြင့် ကြီးမားသည့်အတိုင်းအတာ” ဟု ဖော်ပြခဲ့သည်။              

      ပြင်သစ်အမျိုးသား မီးသတ်သမားများအဖွဲ့ချုပ်မှ အဲရစ် ဘရိုကာဒီ (Eric Brocardi) က ပါရီဒေသရှိ မီးလောင်မှုကို ငြိမ်းသတ်ရန်အတွက် ပိုမိုပူပြင်းခြောက်သွေ့သော ပြင်သစ်နိုင်ငံတောင်ပိုင်းမှ ရေပက်လေယာဉ်များကို စေလွှတ်ခဲ့ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဘရိုကာဒီက မီးကို ထိန်းချုပ်ရန် မီးသတ်ရဟတ်ယာဉ် နှစ်စင်းနှင့် စောင့်ကြည့်ရေးလေယာဉ်တစ်စင်းကိုလည်း စေ လွှတ်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။              

     ပါရီဒေသသည် လက်ရှိတွင် မီးလောင်မှုအန္တရာယ်ကို တိုးမြင့်စေသည့် အပူလှိုင်းဒဏ်ကို ခံစားနေရသည်။ World Weather Attribution အဖွဲ့မှ သိပ္ပံပညာရှင်များက မကြာသေးမီက ဖြစ် ပွားခဲ့သော အပူလှိုင်းများသည် ရာသီဥတုပြောင်းလဲမှုမရှိဘဲ ဖြစ်ပေါ်လာရန် “လုံးဝမဖြစ်နိုင်သလောက်ပင်” ဟု ဆိုသည်။                         

     ပြင်သစ်နိုင်ငံတွင် ဖြစ်ပွားနေသော အပူလှိုင်းကြောင့် အာဏာ ပိုင်များမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ သုံးခုကို ပိတ်ထား ခဲ့ရသည်။ ပြည်ထဲရေးဝန်ကြီး လော်ရန့် နူနက်ဇ် (Laurent Nunez) က ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုကြောင့် မြေယာ ၁၇,၀၀၀ ဟက်တာ (၄၂,၀၀၈ ဧက) ကျော် ဆုံးရှုံးခဲ့ရပြီး၊ ၎င်းမှာ ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက “နှစ်ဆပိုများလာသည်” ဟု ပြောကြားခဲ့သည်။

Telegram»… https://t.me/positiveanglenews

#PAN