(မှုခင်း) အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးတွင် အောက်တိုဘာ ၂၁ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်က လူနာတင်ယာဉ်တစ်စီးက လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးကို တိုက်မိခဲ့ရာ အဆိုပါအမျိုးသားမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘုရားကြီးမြို့၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ရွာလယ်တံတားအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၅၀/၁ နှင့် ၅၀/၂ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒိုက်ဦးမြို့ဘက်မှ ဘုရားကြီးမြို့ဘက်သို့ ယာဉ်မောင်း ချစ်ဦးမောင်၊ အသက် ၄၁ နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေသူ မောင်းနှင်လာသည့် MDY HSE-7717 နံပါတ်တပ် NISSAN အမျိုးအစား အဖြူနှင့် မီးခိုးရောင် လူနာတင်ယာဉ်ပေါ်တွင် သူဇင်ဝင်း၊ အသက် ၃၈ နှစ်နှင့် ရန်နိုင်၊ အသက် ၂၁ နှစ်တို့ လိုက်ပါလာကြောင်း သိရသည်။
၎င်းတို့နှစ်ဦးစလုံးမှာ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
အဆိုပါလူနာတင်ယာဉ်သည် လမ်း၏ဝဲဘက်ခြမ်းမှ ယာဘက်ခြမ်းသို့ လမ်းဖြတ်ကူးလာသည့် ဝမ်းဘဲအင်းကျေးရွာနေ ကိုသောင်းတင်၊ အသက် ၄၈ နှစ်ကို ကားလမ်းဘေးတွင် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါလူနာတင်ယာဉ်မှာ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ပိုင်ယာဉ်ဖြစ်ကြောင်း သိရသည်။ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ချစ်ဦးမောင်တွင် ရင်ဘတ်အောင့်ဒဏ်ရာရရှိခဲ့ပြီး ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ရကာ စိုးရိမ်ရသည့်အခြေအနေ မရှိကြောင်း သိရသည်။
လမ်းဖြတ်ကူးသူ ကိုသောင်းတင်မှာမူ ဘယ်နှင့်ညာမျက်ခုံးစုတ်ပြဲဒဏ်ရာများ၊ နှာခေါင်းနှင့် နားတို့မှ သွေးထွက်ဒဏ်ရာများအပြင် ဝမ်းဗိုက်ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဘုရားကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN