(ပြည်တွင်း) ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာတွင် နေထိုင်သည့် အသက် (၃၂) နှစ်အရွယ် ဒေါ်ပပလှိုင်သည် သားဦးအမြွှာကိုယ်ဝန်ဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူနေစဉ် ကိုယ်ဝန် (၃၂) ပတ်ကျော်အချိန်၌ ရေမြွှာပေါက်ခြင်းကြောင့် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် လွှဲပြောင်းပို့ဆောင်ခဲ့ရကြောင်း သိရသည်။
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၌ ယင်းနေ့ ည ၇ နာရီ ၅ မိနစ်တွင် ဝမ်းဗိုက်နေရာမှ ဆက်နေသည့် Omphalopagus Type ရင်ချင်းဆက် အမြွှာမိန်းကလေးနှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့သည်။
ကလေးငယ်နှစ်ဦးမှာ လမစေ့မီ မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာများဖြစ်သဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးရှိ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) တွင် ထားရှိကာ လိုအပ်သော ဆေးဝါးကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဇူလိုင် ၈ ရက်တွင် ရန်ကုန်မြို့၊ ရန်ကင်းရှိ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီး မွေးကင်းစအထူးကြပ်မတ်ကုသဌာန၌ ဆက်လက်ပြုစုကုသပေးလျက်ရှိကြောင်း သိရသည်။
ရင်ချင်းဆက်အမြွှာကလေးငယ်များအား လိုအပ်သော ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးနှင့် အနာဂတ်တွင် ခွဲစိတ်ခွဲထုတ်ကုသမှု (Separation Surgery) ဆောင်ရွက်နိုင်မည့် အခြေအနေများကို စီစဉ်နိုင်ရန် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဦးဆောင်၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း) တို့မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များ ပါဝင်သည့် ဆေးကုသရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ကုသမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews
#PAN