ဘီလိုချီစတန်တွင် သူပုန်များက ရဲနှင့် စစ်သား ၂၉ ဦးကို ရက်ရက်စက်စက် ခြုံခိုတိုက်ခိုက်၊ သေဆုံးသူ ၄၂ ဦးအထိ ရှိလာပြီးနောက် အာဖဂန်နယ်စပ်တစ်လျှောက် ပါကစ္စတန်စစ်တပ် စစ်ဆင်ရေးများ အရှိန်မြှင့် 

(နိုင်ငံတကာ) ဇူလိုင် ၉

    ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း၊ သတ္တုနှင့် တွင်းထွက်ရတနာ ကြွယ်ဝရာ ဘီလိုချီစတန် (Balochistan) ပြည်နယ်အတွင်း ခွဲထွက်ရေးဝါဒီ လက်နက်ကိုင်သူပုန်များ ၏ အစီအစဉ်ရှိရှိ ဆက်တိုက်ခြုံခိုတိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ အပါအဝင် လူပေါင်း ၄၂ ဦး သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ် သက်၍ ပါကစ္စတန်စစ်တပ်က ပြတ်ပြတ်သားသား လက် စားချေ နှိမ်နင်းသွားမည်ဟု ကြေညာကာ နယ်စပ်တစ် လျှောက် စစ်ဆင်ရေးများ အရှိန်မြှင့် ဆောင်ရွက်နေသည်။  

     ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အာမက် ရှာရစ်ဖ် ချောင်ဒရီ (Ahmad Sharif Chaudhry)၏ ဗုဒ္ဓဟူးနေ့ ရုပ်သံသတင်းစာရှင်းလင်းပွဲအရ တနင်္လာနေ့က ဘီလိုချီစတန်ပြည်နယ်၊ ဇီယာရတ်ခရိုင်ရှိ အကြီးစား မန်ဂီ (Mangi) ရေကာတာစီမံကိန်းကို စောင့် ကြပ်နေသည့် ကင်းစခန်းတစ်ခုကို သူပုန်အများအပြားက စီးနင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၈ ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သည့်အပြင် အခြားအရာရှိ ၉ ဦးလည်း စခန်းအတွင်း သေ ဆုံးခဲ့သည်။

     ထို့ပြင် ဗုဒ္ဓဟူးနေ့တွင်လည်း အဝေးပြေးလမ်းမပေါ်၌ မောင်းနှင်နေသည့် စစ်တပ်မော်တော်ယာဉ်တစ်စီးကို သူပုန်များက ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် စစ်သား ၁၁ ဦး ထပ်မံကျဆုံးခဲ့ရသည်။ ကနဦး စာရင်းများအရ အရပ်သား လေးဦးလည်း သေဆုံးခဲ့ရကြောင်း သိရသည်။                    

     စစ်တပ်ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ ခင်ဗျားတို့ကို လိုက်လံနှိမ်နင်းသွားမှာဖြစ်ပြီး အနာကျင်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ” ဟု ပြင်းထန်သော လေသံဖြင့် သတိ ပေးခဲ့သည်။ တုံ့ပြန်မှုအနေဖြင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တစ်ပြိုင်တည်း စစ်ဆင်ရေးအပြုံလိုက် ဆင်နွှဲခဲ့ရာ အကြမ်းဖက်သူပုန် တိုက်ခိုက်ရေးသမား ၅၄ ဦးကို အသေပစ်ခတ် နှိမ်နင်းနိုင်ခဲ့သည်။                 

     ပါကစ္စတန်အစိုးရက ယခုတိုက်ခိုက်မှုများ၏ နောက် ကွယ်တွင် “အာဖဂန်နစ္စတန်နိုင်ငံသား အများအပြား” ပါဝင်နေပြီး အာဖဂန်တာလီဘန်အစိုးရသည် ပါကစ္စတန်ဗဟိုအစိုးရကို ဖြုတ်ချလိုသည့် တာလီဘန်နှင့် မဟာမိတ်ဖွဲ့ထားသော ပါကစ္စတန်တာလီဘန်(TTP)နှင့် ဘီလိုချီစတန် လွတ် မြောက်ရေးတပ်မတော်(BLA) တို့ကို ခိုလှုံခွင့်နှင့် အခြေစိုက်စခန်းများ ပံ့ပိုးပေးထားသည်ဟု ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့သည်။

     သို့သော် ကာဘူးလ်အစိုးရက ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ ထို့အပြင် ပါကစ္စတန်သည် ၎င်း၏ပြိုင်ဘက် အိန္ဒိယနိုင်ငံကလည်း BLA သူပုန်အုပ်စုကို ကျောထောက် နောက်ခံပြုနေသည်ဟု သံသယရှိနေသည်။            

     ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရရှိပြီးကတည်းက အနည်း ဆုံး ခွဲထွက်ရေးပုန်ကန်မှု ငါးကြိမ်ထက်မနည်း ကြုံတွေ့ထားရသည့် ဘီလိုချီစတန်ဒေသသည် လက်ရှိတွင် အာဖဂန်-ပါကစ္စတန်အကြား ဒရုန်းနှင့် လေကြောင်းလိုင်း အပြန်အလှန် တိုက်ခိုက်မှုများကြောင့် စစ်ရှိန်ပိုမိုမြင့်တက်လာမည့် အခြေ အနေတွင် တည်ရှိနေသည်။                    

Telegram»…


https://t.me/positiveanglenews

#PAN