
(နိုင်ငံတကာ) ဇူလိုင် ၈
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျလှသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ကုန်သွယ်ရေးသင်္ဘောများ ဒုံးကျည်ဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး ပြင်းထန်စွာ ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ယူနိုက်တက်ကင်းဒမ်း ရေကြောင်းကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ (UKMTO) နှင့် နိုင်ငံတကာသတင်းများအရ သိရသည်။
ဤတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော အမေရိကန်-အီရန် စစ်ပွဲကို အဆုံးသတ်ရန် နှစ်ဖက်အကြား အထိခိုက်မခံသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက် လက်လုပ်ဆောင်နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခြိမ်းခြောက်လျက်ရှိသည်။
အမေရိကန်အရာရှိများ၏ အဆိုအရ အီရန်အစ္စလာမ္မစ် တော် လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)သည် တနင်္လာနေ့ညပိုင်းက ရေ လက်ကြားကို ဖြတ်သန်းမောင်းနှင်နေသည့် commercial သင်္ဘောများကို အနည်းဆုံး ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ကာတာနိုင်ငံပိုင် “Al Rekayyat” အရည်ပျော်သဘာဝဓာတ်ငွေ့ (LNG) တင်သင်္ဘော၏ အင်ဂျင်ခန်းတွင် မီးလောင်ကျွမ်းခဲ့ပြီး ပေါက်ကွဲနိုင်ခြေ အန္တရာယ်ရှိနေသလို၊ ဆော်ဒီအာရေဗျအလံလွှင့်ထူထားသည့် ရေနံစိမ်းတင်သင်္ဘောတစ်စီးလည်း ပြင်းထန်စွာ ပျက်စီးခဲ့ရသည်။ သို့သော် လည်း သင်္ဘောသားများအားလုံး ဘေးကင်းကြသည်။

တီဟီရန်အခြေစိုက် အကဲဖြတ်ပညာရှင်များကမူ အဆိုပါ ကာတာသင်္ဘောသည် အီရန်အဖွဲ့များ မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည့် ဘေးကင်းဇုန်ပြင်ပဧရိယာအတွင်းသို့ မှားယွင်းဝင်ရောက်သွားမိခြင်းကြောင့် သတိပေးချက်ထုတ်ပြန်ပြီးနောက် ပစ်မှတ်ထားခံရခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
စစ်ပွဲမတိုင်မီက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု ၏ ၂၀ ရာခိုင်နှုန်းကို သယ်ယူပို့ဆောင်ပေးခဲ့သည့် ဤရေလမ်းကြောင်းသည် စစ်ပွဲအပြင်းထန်ဆုံးအချိန်တွင် သွားလာမှု လုံးဝရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ရပြီး လက်ရှိတွင် ပြန်လည်ဦးမော့ရန် ရုန်းကန်နေရဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၁၄ ရက်က အမေရိကန်နှင့် အီရန်တို့အကြား ပဏာမ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးကာ ရက်ပေါင်း ၆၀ ကြာ စစ်ပွဲခေတ္တရပ်ဆိုင်းထားပြီး အမြဲတမ်းသဘောတူညီချက်တစ်ခုရရှိရန် ကာတာတွင် သွယ်ဝိုက်သောနည်းဖြင့် ဆွေး နွေးနေကြသော်လည်း တိုးတက်မှုတစ်စုံတစ်ရာ မရှိသေးပေ။ အဓိက အငြင်းပွားစရာအချက်မှာ ရေလက်ကြားကို အီရန်က အချုပ်အခြာအာဏာသုံး၍ အခကြေးငွေကောက်ခံရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဝါရှင်တန်ကမူ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်မူအရ ယင်းကို ပြင်းပြင်းထန်ထန် ငြင်းပယ်ထားသည်။
အခြေအနေများ တင်းမာနေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိုဗယ်ရုံးခန်းအတွင်း သတင်းထောက်များကို ပြောကြားရာတွင် အီရန်အနေဖြင့် သဘောတူညီချက်မရယူပါက စစ်ပွဲကို ပြန်လည်စတင်ပြီး အပြီးသတ်ဖျက်ဆီးပစ်မည်ဟု ပြင်းထန်စွာ ခြိမ်းခြောက်လိုက်သည်။ ထရမ့်က “ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ရအောင်လုပ်မယ်၊ ဒါမှမဟုတ်ရင် အလုပ်ကို အပြီး သတ်ပစ်မယ်။ သူတို့ရဲ့ တံတားတွေကို တစ်နာရီအတွင်း ဖြိုချပစ်နိုင်သလို၊ စွမ်းအင်ထောက်ပံ့မှုတွေကိုလည်း ဖျက်ဆီးပစ်နိုင်တယ်” ဟု ဆိုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ဂ်ချီကမူ အမေရိကန်သမ္မတ၏ ခြိမ်းခြောက်မှုများသည် MoU ပါ စည်းကမ်းချက်များကို ချိုးဖောက်ရာရောက်သည်ဟု ဆိုကာ ပြင်းပြင်းထန် ထန် ကန့်ကွက်ခဲ့သည်။
၎င်းက စစ်ပွဲပထမဆုံးနေ့တွင် ကျဆုံးခဲ့သည့် အီရန်အဓိပတိခေါင်းဆောင်ဟောင်း အာယတိုလာ အလီ ခါမေနီအီ၏ ဈာပနတွင် အီရန်ပြည်သူ သန်းပေါင်းများစွာ ညီညွတ်စွာ စုဝေးခဲ့ကြခြင်းက ခြိမ်းခြောက်မှုများကို မှုမည်မဟုတ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်ကြောင်းနှင့် “ခြိမ်း ခြောက်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် အပြီးသတ် သဘော တူညီချက်အတွက် ဆွေးနွေးပွဲတွေကို စတင်မှာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ လက်မှတ်ကို လေး စားပါ” ဟု လူမှုကွန်ရက်တွင် ရေးသားကာ သတိပေးထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN