တရုတ်နှင့် ရုရှား ရေတပ်များ ချင်းတောင်ကမ်းရိုးတန်းအလွန်တွင် “Joint Sea” ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်၊ ပစိဖိတ်သမုဒ္ဒရာအတွင်း ပူးတွဲကင်းလှည့်မှုများ ဆက်လက်လုပ်ဆောင်မည်

(နိုင်ငံတကာ) ဇူလိုင် ၆

    တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ရေတပ်များသည် တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းအလွန် ရေပြင်နှင့် ဝေဟင်ပိုင် နက်တို့တွင် ၎င်းတို့၏ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ယနေ့ (တနင်္လာနေ့) မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။                      

    တရုတ်နိုင်ငံ၏ အဓိကဆိပ်ကမ်းမြို့ကြီးဖြစ်သော ချင်းတောင် (Qingdao)မြို့အလွန်တွင် ဇူလိုင်လ ၁၃ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ “Joint Sea” စစ်ရေးလေ့ကျင့်မှုအတွက် ရုရှားပစိဖိတ်ရေတပ်စုမှ တိုက်ပွဲဝင်သင်္ဘောကြီး (Cruiser) တစ်စင်း၊ စစ်သင်္ဘောအငယ် (Corvette) တစ်စင်း၊ ဒီဇယ်-လျှပ်စစ်မောင်း ရေငုပ်သင်္ဘောတစ်စင်းနှင့် ကယ်ဆယ်ရေးသင်္ဘောတစ်စင်းတို့ ရောက်ရှိနေပြီဖြစ် ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။                    

​      တစ်ပြိုင်နက်တည်းတွင် တရုတ်နိုင်ငံ မြောက်ပိုင်းစစ်ဌာနချုပ်ဘက်မှလည်း ဖျက်သင်္ဘော (Destroyer) နှစ်စင်း၊ စစ်ရေယာဉ် (Frigate) တစ်စင်း၊ ရေငုပ်သင်္ဘောတစ်စင်း၊ ထောက်ပို့သင်္ဘောနှင့် ကယ်ဆယ်ရေးသင်္ဘောတစ်စင်းတို့ဖြင့် အင်အားဖြည့်တင်း ပါဝင်လျက်ရှိသည်။ စစ်ရေးလေ့ ကျင့်မှုအတွင်း နှစ်နိုင်ငံရေတပ်များသည် ထောက်လှမ်းရေးလုပ်ငန်းများ၊ ဝေဟင်နှင့် ဒုံးကျည်ကာကွယ်ရေးလုပ်ငန်းများအပြင် ရေပြင်တိုက်ခိုက်ရေးဆိုင်ရာ စစ်ဆင်ရေးများကိုပါ အဓိကထား လေ့ကျင့်သွားကြမည် ဖြစ် သည်။             


ယခုစစ်ရေးလေ့ကျင့်မှုသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီး နှစ်လခန့်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် “တစ်ခါမျှမရှိဖူးသေးသည့် အမြင့်ဆုံးအဆင့်” သို့ ရောက်ရှိနေကြောင်း ပူတင်က ပြောကြားခဲ့သလို၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း နှစ်နိုင်ငံမိတ်ဖက်မှုကို “မပြိုကွဲနိုင်သော ဆက်ဆံရေး” ဟု တင်စားခဲ့သည်။

     တရုတ်နှင့် ရုရှားတို့သည် ၂၀၁၂ ခုနှစ်ကတည်းက ဤပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့အနီးတွင် ကျင်းပခဲ့သည်။ ယခုနှစ်တွင်လည်း ချင်းတောင်အခြေစိုက် စစ်ရေးလေ့ ကျင့်မှုများအပြီးတွင် ပစိဖိတ်သမုဒ္ဒရာအတွင်း သတ်မှတ်ထားခြင်းမရှိသည့် ရေပြင်ဒေသများ၌ ပူးတွဲရေကြောင်းကင်းလှည့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားသည်။                

     အိမ်နီးချင်းယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုကို တရုတ်နိုင်ငံက တစ်ကြိမ်မျှ ပြစ်တင်ရှုတ်ချခြင်းမရှိဘဲ မိမိကိုယ်ကို ကြားနေအဖွဲ့အစည်းအဖြစ်သာ ရပ်တည်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက်သာ ပုံမှန်တိုက်တွန်းလျက်ရှိပြီး၊ ယခုကဲ့သို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။         

Telegram»…
https://t.me/positiveanglenews

#PAN