
(အားကစား) ဇူလိုင် ၆
ယနေ့ နံနက်ပိုင်းက ယှဥ်ပြိုင်ကစားခဲ့ကြသည့် နော်ဝေအသင်းက နာမည်ကျော်ဘရာဇီးကို အနိုင်ယူဖြုတ်ချခဲ့ပြီး အင်္ဂလန်အသင်းကလည်း မက္ကဆီကိုအသင်းကို အိမ်ရှင် ပရိတ်သတ်ရှေ့မှာဖြုတ်ချခဲ့ကြောင်း သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဥ် (၃)တွင် နော်ဝေအသင်းက ဘရာဇီးအသက်းအား နှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ကြောင်း သိရသည်။
နော်ဝေအသင်းအတွက် အနိုင်ဂိုးများအား တိုက်စစ်မှူးဟာလန်းက ပွဲချိန် ၇၉ မိနစ်နှင့် ၉၀ မိနစ်တွင် သွင်းယူခဲ့ပြီး ဘရာဇီးအတွက်ချေပဂိုးကိုတော့ နေမာက ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး အချိန်ပို ၁၀ မိနစ်တွင် ပယ်နယ်တီကတဆင့် သွင်းယူပေးနိုင်ခဲ့သည်။ ပထမိုင်း ၁၄ မိနစ်တွင် ဘရာဇီးအသင်းရသည့်ပယ်နယ်တီကို ဂွီမာရေ့စ်ကန်သွင်းရာမှာ နော်ဝေဂိုးသမား နီလန်း ပုတ်ထုတ်ကာကွယ်ခဲ့ပြီး ဘရာဇီး၏ အပိုင်ကန်သွင်းချက်များကိုလည်း လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။
အဆိုပါ ၁၆သင်းရှုံးထွက်ပွဲစဥ်တွင် အနိုင်ရရှိခဲ့သည့် နော်ဝေအသင်းသည် ကမ္ဘာဖလားသမိုင်းတလျှောက် ပထမဆုံးကြိမ် ကွာတာဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး အင်္ဂလန်အသင်းနှင့် ယှဥ်ပြိုင်ကစားရမည် ဖြစ်သည်။
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ၄တွင် အင်္ဂလန်အသင်းသည် တယောက်လျော့ကစားပြီး အိမ်ရှင် မက္ကဆီကိုအသင်းအား ၃ဂိုး၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
အင်္ဂလန်အသင်းအတွက်အနိုင်ဂိုးများအား ဂျုဒ် ဘယ်လင်ဂမ်က ၂ ဂိုး အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ပင်နယ်တီကတဆင့် ၁ ဂိုးသွင်းယူခဲ့ပြီး ၄၂ မိနစ်မှာ မက္ကစီကိုအသင်းတွက်ချေပဂိုးကို ပြစ်ဒါဏ်ဘောကတဆင့် ဘောလုံးပေးပို့ရာက ရှေ့တွင် အသင့်ရှိနေသည့် ကွင်းနိုစ့်က အပိုင်ကန်သွင်းခဲ့သည်။ ထိုပွဲအနိုင်ရလဒ်ကြောင့် အင်္ဂလန်အသင်းသည် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး နော်ဝေအသင်းနှင့် ယှဥ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။