(မှုခင်း) ဇူလိုင် ၅
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတား (ထိုင်းဘက်) အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာသည့် သုံးဘီးယာဉ်တစ်စီးအား စစ်ဆေးရာမှ အိုက်စ်မူးယစ်ဆေးဝါး ၁၀၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၆၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၅ ရက် နံနက် ၁၁ နာရီခန့်က ထိုင်းအကောက်ခွန်ဌာနမှ ဝန်ထောက် နိုင်းဆက်ဆီယမ် ကျမ်နုန်း ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တွင် အမှတ်(၃) လှုပ်ရှားယန္တရားတပ်နှင့် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၅ ဦးခန့် ပါဝင်ပြီး မြန်မာဘက်မှ ဝင်ရောက်လာသည့် ယာဉ်အမှတ် SHN-4U 1293 အနီရောင် သုံးဘီးယာဉ်အား သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်မောင်း ခွန်သိန်းဦး နှင့်အတူ သုံးဘီးယာဉ်၏ နောက်ပိုင်းတွင် သစ်သီးခြင်းများဖြင့် ဖုံးအုပ်၍ အစိမ်းရောင် လက်ဖက်ခြောက်အိတ်များအတွင်း ဝှက်ထားသည့် အိုက်စ်မူးယစ်ဆေးဝါး ၁၀၇ ကီလိုဂရမ် (ကာလတန်ဖိုး ဘတ်ငွေ ၆၄.၂ သန်းခန့်)နှင့် ၉၉၉ အမှတ်တံဆိပ် ရိုက်နှိပ်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀,၀၀၀(ကာလတန်ဖိုး ဘတ်ငွေ သန်း ၃၀ ခန့် ) ကို ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN