သေနတ်ပစ်ဖောက်ပြီး ကားမှန်များ ဖျက်ဆီးသူ ပြင်ဦးလွင်တွင် ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်၊ ၁၁x၁၂ လမ်းကြား၊ ၈၆x၈၇ လမ်းကြားတွင် အမျိုးသားတစ်ဦးက အော်ဟစ်ဆဲဆိုကာ သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က အောင်မြေသာစံမြို့နယ် ၁၁x၁၂ လမ်းကြား၊ ၈၆x၈၇ လမ်းကြားရှိ ရွှေဆပ်ပြာဆီလုပ်ငန်း လုပ်ကိုင်သူ၏ နေအိမ်သို့ ဇနီးဘက်မှ အစ်ကိုဝမ်းကွဲတော်စပ်သူ အသက် ၅၀ အရွယ် ကိုစောနိုင်ဦး (ခ) မောင်နိုင်သည် ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ရောက်ရှိလာပြီး သေနတ်ဖြင့် သုံးလေးချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ၊နေအိမ်ရှေ့တွင် ရပ်တန့်ထားသည့် Hijet အဖြူရောင်ယာဉ်နှင့် Suzuki Carry ယာဉ်တို့၏ ရှေ့မှန်များကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ပြီး အနီးပတ်ဝန်းကျင်တွင် 9MM Luger ကျည်ခွံတစ်ခု တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်တွင် တရားခံဖမ်းဆီးနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ သက်သေခံပစ္စတိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိတရားခံ ကိုစောနိုင်ဦး (ခ) မောင်နိုင်သည် ၂၀၁၄ ခုနှစ်ခန့်တွင် ထောင်ဒဏ် ၄၂ နှစ်ကျခဲ့ဖူးပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူဖြစ်ကြောင်း၎င်းအား မြို့မရဲစခန်းတွင် ပုဒ်မ ၄ ခုခန့်ဖြင့် အမှုဖွင့်လှစ်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN