သမိုင်းဝင် အမေရိကန် ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ပွဲများ ပြင်းထန်အပူလှိုင်းကြောင့် အဟန့်အတားဖြစ်၊ အခမ်းအနားနှင့် ရထားခရီးစဉ်အချို့ ဖျက်သိမ်းရခါနီးဖြစ်နေ    

(နိုင်ငံတကာ) ဇူလိုင် ၄

     အမေရိကန်ပြည်ထောင်စု တည်ထောင်ခြင်း နှစ်ပေါင်း ၂၅၀ ပြည့် (Semiquincentennial) မွေးနေ့ အထိမ်းအမှတ် လွတ် လပ်ရေးနေ့ အခမ်းအနားကြီးများကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ပြင်ဆင်နေကြစဉ်၊ အမေရိကန်အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် အလွန်ပြင်းထန်သော အပူလှိုင်း ကျရောက်နေမှုကြောင့် ပွဲလမ်းသဘင်များနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ အကြီးအကျယ် အဟန့်အတားဖြစ်ပေါ်နေကြောင်း သိရသည်။

   ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် လွတ်လပ်ရေးကြေညာ စာတမ်း အတည်ပြုခဲ့ပြီးနောက် နှစ်ပေါင်း ၂၅၀ ပြည့်မြောက်သည့် ယခုနှစ်ပတ်လည်နေ့ကို နှစ်ပါတီပူးပေါင်းပါဝင်သော “America250” ကော်မရှင်က ဆယ်စုနှစ်တစ်ခုကြာ ကြိုတင်ပြင်ဆင်ခဲ့သော်လည်း၊ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ကိုယ်ပိုင် “Freedom 250” စီမံကိန်းကော်မတီကို လွှဲပြောင်းကိုင်တွယ်ခွင့်ပေးခဲ့သဖြင့် နိုင်ငံရေးအရ အငြင်းပွားစရာ ဖြစ်ခဲ့သည်။

        အမျိုးသားရင်ပြင် (National Mall) တွင် ပြုလုပ်သည့် ကမ္ဘာ့အကြီးဆုံး အမေရိကန်ပြည်နယ်ပြပွဲ (Great American State Fair) ၌ ဖျော်ဖြေရန် စီစဉ်ထားသော ကန်းထရီးအဆို တော် မာတီနာ မက်ဘရိုက်နှင့် သည်းကော်မိုဒိုးစ် အဖွဲ့တို့အပါ အဝင် အနုပညာရှင်အများအပြားမှာ အဆိုပါပွဲသည် ထရမ့်နှင့် ဆက်နွှယ်နေမှုအပေါ် စိုးရိမ်သဖြင့် မေလနှင့် ဇွန်လအတွင်းက ပြန်လည်နုတ်ထွက်သွားခဲ့ကြသည်။

     ယင်းနောက် သမ္မတထရမ့်က မိမိကိုယ်မိမိ “ကမ္ဘာ့နံပါတ်တစ် ဆွဲဆောင်မှုအရှိဆုံးပုဂ္ဂိုလ်” အဖြစ် ကြွေးကြော်ကာ ဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့ပြီး ဝါရှင်တန်ဒီစီတွင် သမိုင်းတစ် လျှောက် အကြီးကျယ်ဆုံးသော မဲဆွယ်စည်းရုံးရေးပွဲနှင့်အတူ မီးရှူးမီးပန်းပြပွဲ ပြုလုပ်မည်ဟု ကတိပြုထားသည်။ 

       လက်ရှိတွင် ဝါရှင်တန်ဒီစီအပါအဝင် အရှေ့ပိုင်းဒေသများ၌ အပူချိန်သည် ၃၉ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၂ ဒီဂရီဖာရင်ဟိုက်) ကျော်အထိ မြင့်တက်နေသောကြောင့် အမေရိကန်ပြည်နယ်ပြပွဲကို သောကြာနေ့က ယာယီပိတ်ထားခဲ့ရသည်။ ဖီလာဒဲလ်ဖီးယားမြို့တွင်လည်း အပူဒဏ်ကြောင့် ကျန်းမာရေးဘေးအန္တရာယ် လျှော့ချရန်အတွက် ၂၅၀ ပြည့်နှစ်ပတ်လည် လွတ်လပ်ရေးဂုဏ်ပြု စီတန်းလှည့်လည်ပွဲ (Salute to Independence Semiquincentennial Parade) ကို လုံးဝဖျက်သိမ်းလိုက်ကြောင်း တာဝန်ရှိသူများက ကြေညာခဲ့သည်။                          

    အလားတူ ပင်ဆယ်ဗေးနီးယားပြည်နယ် လိုဝါးဝင်ဆာမြို့နယ်ပွဲကို ရက်ရွှေ့ဆိုင်းခဲ့ရပြီး နောရစ်စ်တောင်းမြို့တွင်လည်း စီတန်းလှည့်လည်ပွဲကို ဖျက်သိမ်းခဲ့သည်။       

     ထို့ပြင် အပူလွန်ကဲမှုကြောင့် မီးရထားသံလမ်းများ၊ တံတားများနှင့် ကောင်းကင်ယံလျှပ်စစ်မီးလိုင်းများ ပွန်းကားလာနိုင်သဖြင့် အမ်ထရက်ခ် (Amtrak) ရထားလိုင်းက အရှေ့မြောက်ဒေသ ရထားခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့ပြီး ရထားမောင်းသူများကို အရှိန်လျှော့မောင်းရန် ညွှန်ကြားထားသဖြင့် ခရီးစဉ်များ ကြန့်ကြာမှုနှင့် ရင်ဆိုင်နေရသည်။

     စိုထိုင်းဆမြင့်မားမှုကြောင့် ဖီလာဒဲလ်ဖီးယားနှင့် ဘော့စတွန်မြို့တို့တွင် “တကယ်ခံစားရတဲ့ အပူချိန်” (feels like temperature) မှာ ပိုမိုပြင်းထန်နေပြီး ကွန်ကရစ်နှင့် ကတ္တရာလမ်းများကြောင့် မြို့ကြီးများမှာ ပိုမိုပူပြင်းနေသည်။ ယင်းကြောင့် နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီက ပြည်သူများကို အိမ်ထဲမှာပဲနေရန်နှင့် လျှပ်စစ်ဓာတ်အားလိုင်း ဝန်မပိစေရန် အဲကွန်းအပူချိန်ကို ၂၆ ဒီဂရီဆဲလ်စီးယပ်စ်တွင်သာ ထားရန် တိုက်တွန်းထားပြီး၊ အိုးမဲ့အိမ်မဲ့များအတွက် အပူသက်သာရေးစင်တာ (cooling centres) ရာပေါင်းများစွာ ဖွင့်လှစ်ပေးထားသည်။               

     ဘော့စတွန်နှင့် ရုဒ်အိုင်းလန်းပြည်နယ်တို့တွင်လည်း ပြတိုက်များကို အခမဲ့ဖွင့်လှစ်ပေးခြင်းနှင့် ရေကူးကန်အချိန် တိုးမြှင့်ပေးခြင်းများ လုပ်ဆောင်နေသည်။ အမျိုးသားရာသီဥတုဝန်ဆောင်မှုဌာန (NWS) က ပြည်သူများအနေ ဖြင့် ရေများများသောက်ရန်၊ အရက်သေစာသောက်စားမှုကို ကန့်သတ်ရန်နှင့် ကြွက်တက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းစသည့် အပူလွန်ကဲခြင်း လက္ခဏာများပြသပါက ဆေးဝါးကုသမှုကို ချက်ချင်းခံယူရန် အရေးပေါ်သတိပေးနှိုးဆော်ထားသည်။         

Telegram»…
https://t.me/positiveanglenews

#PAN