နော့ဒ်စထရင်း ဂတ်စ်ပိုက်လိုင်း ဖောက်ခွဲမှုသည် ယူကရိန်းအစိုးရ၏ အမိန့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ဟု ဂျာမနီ စွပ်စွဲ၊ စစ်အရာရှိဟောင်းတစ်ဦးကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆို

(နိုင်ငံတကာ) ဇူလိုင် ၃ 

    ၂၀၂၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော နော့ဒ်စထရင်း (Nord Stream) သဘာဝဂတ်စ်ပိုက်လိုင်း ဖောက်ခွဲဖျက် ဆီးမှုဖြစ်စဉ်တွင် ယူကရိန်းနိုင်ငံတော် အာဏာပိုင်များ၏ အမိန့်ပေးစေခိုင်းချက်အရ ပါဝင်ပတ်သက်ခဲ့သည့် ယူကရိန်းစစ်တပ် အရာရှိဟောင်းတစ်ဦးကို ဂျာမနီတရားရုံးက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြင့် တရားဝင် စွဲချက်တင်လိုက်ကြောင်း ဂျာမနီအစိုးရရှေ့နေများက ယမန်နေ့ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။          

     ဂျာမနီနိုင်ငံ၏ ပုဂ္ဂလိကလုံခြုံရေးစည်းမျဉ်းများအရ ဆာဟီကေ (Serhii K) ဟု အမည်ဖော်ပြထားသော အဆိုပါ ယူကရိန်းစစ်တပ်အရာရှိဟောင်းသည် ၂၀၂၂ ခုနှစ် စက် တင်ဘာလအတွင်းက အတုပြုလုပ်ထားသော ပတ်စ်ပို့နှင့် အထောက်အထားအမှားများကို အသုံးပြုကာ ရေငုပ်သမားအဖွဲ့၊ သင်္ဘောကပ္ပတိန်နှင့် ဖောက်ခွဲရေးပညာရှင်တစ်ဦးတို့ကို ဂျာမနီနိုင်ငံတွင်းသို့ လျှို့ ဝှက်ခေါ်ဆောင်ခဲ့သည်။           

     ၎င်းတို့အဖွဲ့သည် စစ်ဘက်သုံး ဖောက်ခွဲရေးပစ္စည်းများကို နိုင်ငံတကာရေပိုင်နက်မှတစ်ဆင့် ဒိန်းမတ်နိုင်ငံပိုင် ဘော်န်ဟမ်း(Bornholm) ကျွန်းအနီးသို့ သင်္ဘောငှားရမ်းသယ်ဆောင် သွားခဲ့ပြီး ဘောလတစ်ပင်လယ်ကြမ်းပြင်ရှိ ပိုက်လိုင်းများတွင် တွဲချည်ကာ အချိန်ကိုက်စနက်တံများဖြင့် ဖောက်ခွဲခဲ့ကြောင်း စွဲချက်တွင် ဖော်ပြထားသည်။             

     ယင်းတိုက်ခိုက်မှုကြောင့် ဥရောပသို့ ရုရှားဂတ်စ်တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သည့် နော့ဒ်စထရင်း ၁ နှင့် လုပ်ငန်းမစတင်ရသေးသော နော့ဒ်စထရင်း ၂ ပိုက်လိုင်းခွဲများ ပြင်းထန်စွာ ပျက်စီးခဲ့ရသည်။ ဂျာမနီအစိုးရရှေ့နေများ၏ အဆိုအရ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံအနေဖြင့် စစ်ပွဲအတွက် ရန်ပုံ ငွေထောက်ပံ့ရန် သဘာဝဂတ်စ်ကုန်သွယ်မှုမှ ရရှိသော ဝင်ငွေများကို အသုံးမပြုနိုင်စေရန် တားဆီးရန်ဖြစ်သည်။

     ဆာဟီကေကို ပြီးခဲ့သည့် ဩဂုတ်လအတွင်းက အီတလီနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလတွင် ဂျာမနီနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်းသည် ဂျာမနီဥပဒေအရ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ညွှန်ကြားမှု၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်ယှက်မှု စသည့်စွဲချက်များဖြင့် အနည်းဆုံး ထောင်ဒဏ်သုံးနှစ် ကျခံရဖွယ်ရှိသည်။            

     ပျက်စီးသွားသော ပိုက်လိုင်းများသည် ဂျာမနီနိုင်ငံ မက္ကလင်ဘာ့ဂ်-ဗော်ပွန်မန်းပြည်နယ်တွင် အဆုံးသတ်ထားပြီး ဂျာမနီ၏ စွမ်းအင်လုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေခဲ့သော ကြောင့် ယခုအမှုသည် ဂျာမနီနိုင်ငံ၏ တရားစီရင်ပိုင်ခွင့် (Jurisdiction) အောက်တွင် အပြည့်အဝအကျုံးဝင်ကြောင်း ဂျာမနီတရားရုံးများက အတည်ပြုထားသည်။ သို့သော် တရားခံဖြစ်သူ ဆာဟီကေကမူ ယခုတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

     ကိယက်ဗ် (Kyiv) ရှိ ယူကရိန်းအာဏာပိုင်များက ဂျာမနီအစိုးရရှေ့နေများ၏ စွပ်စွဲချက်များကို အသေးစိတ်တုံ့ပြန်ရန် ယခုအမှုနှင့်ပတ်သက်၍ လုံလောက်သော သတင်းအချက် အလက် မိမိတို့ထံတွင် မရှိသေးကြောင်း ပြောကြားခဲ့သည်။

     ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelenskyy) ကလည်း ၎င်းအနေဖြင့် စွဲချက်တင်မှု၏ အသေး စိတ်အချက်အလက် အပြည့်အစုံကို မရရှိသေးကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပြီး “ကျွန်တော်တို့နိုင်ငံတွေရဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ အချင်းချင်း ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ အသေး စိတ်အချက်အလက်တွေ ပိုမိုရရှိတဲ့အခါမှာတော့ ကျွန်တော်တို့ တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။ လောလော ဆယ်တော့ ပြောဖို့ စောပါသေးတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။         

 
Telegram»…
https://t.me/positiveanglenews

#PAN