
(နိုင်ငံတကာ) ဇူလိုင် ၃
ဗြိတိန်နိုင်ငံ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားဝန်ကြီးဌာန (DCMS) ဝန်ကြီး လီဆာ နန်ဒီ (Lisa Nandy) သည် X (တွစ်တာဟောင်း) လူမှုကွန်ရက်ပလက်ဖောင်းပေါ်၌ ဆဲဆိုစော်ကားမှုများနှင့် သတင်းအမှားများ အလွန်အမင်း ပျံ့နှံ့နေမှုကို အကြောင်းပြကာ ၎င်းကိုယ်တိုင်နှင့် ၎င်း၏ဝန်ကြီးဌာနတစ်ခုလုံး X ပလက် ဖောင်းအသုံးပြုခြင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း မနေ့က တရားဝင်ကြေညာခဲ့သည်။
ဝန်ကြီး လီဆာ နန်ဒီက အဆိုပါ လူမှုကွန်ရက်သည် “အဓိပ္ပာယ်ရှိသော လူထုဆွေးနွေးငြင်းခုံမှုများထက် ဆဲဆိုစော်ကားမှုများနှင့် သတင်းအမှားများကိုသာ ပိုမိုအားပေးမြှင့်တင်နေပြီး၊ ကျွန်ုပ်တို့၏ ဒီမိုကရေစီ သို့မဟုတ် လူမှုအသိုင်းအဝိုင်းများအတွက် ကျန်းမာရေးနှင့် မညီညွတ်တော့ပါ” ဟု X ပေါ်တွင် နောက်ဆုံးတင်ခဲ့သည့် ပို့စ်၌ ရေးသားခဲ့သည်။ ၎င်းသည် နောင်တွင် ဖေ့စ်ဘွတ်ခ် (Facebook)၊ အင်စတာဂရမ် (Instagram) နှင့် လင့်ခ်အင် (LinkedIn)တို့တွင်သာ ဆက်လက်လှုပ်ရှားသွားမည်ဖြစ် သည်။
ယခု DCMS ၏ ဆုံးဖြတ်ချက်ကြောင့် ၎င်းသည် ဗြိတိန်အစိုး ရအဖွဲ့အတွင်း X အသုံးပြုမှုကို ရပ်ဆိုင်းခဲ့သည့် ရှေ့နေချုပ်ရုံး (Attorney General’s Office) ပြီးနောက် ဒုတိယမြောက် ထွက်ခွာသွားသည့် ဝန်ကြီးဌာန ဖြစ်လာသည်။ ပြီးခဲ့သည့်လကလည်း ဗြိတိန်ရှေ့နေချုပ်က အဆိုပါပလက်ဖောင်းသည် “လူမျိုး ရေးခွဲခြားမှုနှင့် အမျိုးသမီးမုန်းတီးမှုများဆီသို့ အစဉ်တစိုက် နိမ့်ဆင်းသွားနေသည်” ဟုဆိုကာ ၎င်း၏ရုံးအား X ပေါ်တွင် ပို့စ်တင်ခြင်း လုံးဝမပြုရန် ပိတ်ပင်ခဲ့သည်။
အီလွန်မတ်စ် (Elon Musk) က ၂၀၂၂ ခုနှစ်တွင် ပလက် ဖောင်းကို လွှဲပြောင်းယူပြီးနောက် သတင်းမှားများနှင့် အမုန်းစကားများ တားဆီးရေး ထိန်းချုပ်မှုစနစ်များကို ဖယ်ရှားခဲ့ရာမှ ပလက်ဖောင်းသည် ပိုမို”အဆိပ်အတောက်” ဖြစ်လာကာ သတင်းဌာနကြီးများ၊ ကမ္ဘာကျော်အနုပညာရှင်များနှင့် အဖွဲ့အစည်းအများအပြား နုတ်ထွက်သွားခဲ့ကြသည်။
လက်ရှိတွင် X အပေါ် ဗြိတိန်အစိုးရနှင့် မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (Ofcom)တို့က ဥပဒေကြောင်းအရ ပိုမိုစိစစ်နေသည်။ အထူးသဖြင့် X ၏ Grok AI စနစ်ကို အသုံးပြု၍ အရွယ်မရောက်သေးသူများ ပါဝင်သည့် တရားမဝင် ရာဂစိတ် ကြွစေသည့် ပုံရိပ်များ ဖန်တီးမျှဝေနေမှုကို ဇန်နဝါရီလကတည်း က စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က အဆိုပါပုံရိပ်များကို “ရွံရှာဖွယ်ကောင်းပြီး ဥပဒေနှင့်မညီညွတ်” ကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး၊ ပြီးခဲ့သည့်လကလည်း အသက် ၁၆ နှစ်အောက် ကလေးငယ်များအတွက် လူမှုကွန်ရက်အသုံးပြုမှု ပိတ်ပင်ခြင်းအစီအစဉ်ကို ချပြခဲ့သည်။
သို့သော် အီလွန်မတ်စ်ဘက်ကမူ ဥပဒေကြောင်းအရ တားမြစ်ချက်များသည် လွတ်လပ်စွာပြောဆိုခွင့် (Free Speech)ကို ကန့် သတ်မည့် အန္တရာယ်ရှိကြောင်း ဗြိတိန်အစိုးရ၏ အွန်လိုင်းလုံခြုံ ရေးအက်ဥပဒေ (Online Safety Act)ကို အကြိမ်ကြိမ် ပြန် လည်ဝေဖန်ထားသည်။ ယခု ဗြိတိန်ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှုတ်ထွက်မှုအပေါ် X ကုမ္ပဏီဘက်က ချက်ချင်း တုံ့ပြန်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN