တရားမဝင်ဆေးဝါးနှင့် ဆေးပြားရိုက်စက် အရောင်းအဝယ်များကို မတားဆီးနိုင်ခဲ့၊ အမေရိကန် DOJ ၏ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ရန် အလီဘာဘာက ဒေါ်လာ သန်း ၆၀၀ ပေးလျော်ရန် သဘောတူ

(နိုင်ငံတကာ) ဇူလိုင် ၃ 

    တရုတ်နည်းပညာနှင့် အီးကောမတ်စ် (e-commerce) လုပ် ငန်းကြီးဖြစ်သည့် အလီဘာဘာ (Alibaba) နှင့် ယင်း ၏ အမေရိကန်အခြေစိုက် ငွေပေးချေမှုဆိုင်ရာလုပ်ငန်း (AUS Merchant Services) တို့သည် ပလက်ဖောင်းပေါ်၌ တရားမဝင် မူးယစ်ဆေးဝါးများနှင့် ဆေးဝါးအတုထုတ်လုပ်သည့် ကိရိ ယာများ ရောင်းချမှုကို မတားဆီးနိုင်ခဲ့ဟူသော စွပ်စွဲချက်များအား ပြေလည်စေရန် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ပေးလျော်ရန် သဘောတူညီလိုက်ကြောင်း အမေရိကန်တရားရေးဝန်ကြီး ဌာန (DOJ) က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။             

     အဆိုပါကုမ္ပဏီများသည် အလီဘာဘာပလက်ဖောင်းများမှတဆင့် ကုန်သည်များက တရားမဝင်မူးယစ်ဆေးဝါးများ၊ ဓာတု ပစ္စည်းများနှင့် ဆေးပြားရိုက်စက် (Pill Presses) များကို အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းနေခြင်းကို မတားဆီးနိုင်ခဲ့ခြင်းကြောင့် အမေရိကန် ဖက်ဒရယ် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်အက်ဥပဒေကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်များအတွက် တရားစွဲဆို ခြင်းမပြုရန် သဘောတူညီချက် (Non-prosecution Agreement)ကို ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။             

     ယခုသဘောတူညီချက်အရ အလီဘာဘာသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပမှတင်သွင်းသော တရားမဝင်ဓာတု ပစ္စည်းများနှင့် အတုအပဆေးဝါးထုတ် လုပ်သည့် ကိရိယာ အရောင်းအဝယ်ပေါင်း ၈၀,၀၀၀ ခန့် (စုစုပေါင်းကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်) ကို မတားဆီးနိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။           

အမေရိကန်အစိုးရအေဂျင်စီ အများအပြားမှ တရားဥပဒေစိုးမိုးရေးအရာရှိများသည် စုံစမ်းစစ်ဆေးမှုကာလအတွင်း အမေရိကန်နိုင်ငံတွင်းသို့ တင်သွင်းရန် တရားမဝင်သော ဆေးဝါးများနှင့် ကိရိယာများကို လျှို့ဝှက်အသွင် ယူ၍ ဝယ်ယူမှု (Under-cover Purchases) ပေါင်း ၄၀ ကျော် ပြုလုပ်ပြီး သက်သေအထောက်အထားများ ရှာဖွေခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် အချို့သောအချိန်များတွင် အလီဘာဘာဝန်ထမ်းများကိုယ်တိုင်က ကုမ္ပဏီ၏ စည်းကမ်းလိုက်နာမှုဆိုင်ရာ အစီအမံများမှာ မလုံလောက်ဘဲ တရားမဝင်ပစ္စည်းများ ရောင်းချနေရခြင်းရှိမရှိ စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြကြောင်း တရားရေးဝန်ကြီး ဌာနက ဆိုသည်။            

     အမေရိကန် လက်ထောက်ရှေသန်းချုပ် ဘရက်တ် ရှူးမိတ် (Brett Shumate) က “ဒီနေ့ရဲ့ ဆုံးဖြတ်ချက်ဟာ အီးကောမတ်စ်နဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ တရားမဝင်တဲ့၊ ခွင့်ပြုချက်မရှိတဲ့အပြင် အန္တရာယ်ရှိတဲ့ နိုင်ငံခြားဆေးဝါးတွေကို သူတို့ရဲ့ စျေးကွက်တွေကနေ ဖယ်ရှားထားဖို့ သေချာစေရေးအတွက် တရားရေးဝန်ကြီး ဌာနရဲ့ ကတိ ကဝတ်ကို ထင်ဟပ်စေပါတယ်” ဟု ပြောကြားခဲ့သည်။           

    အလီဘာဘာကုမ္ပဏီက ထုတ်ပြန်ချက်တစ်ခုတွင် “ဒီဖြေရှင်း ချက်ဟာ အလီဘာဘာရဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်မှု၊ စည်းကမ်းချက်နဲ့မညီညွတ်တဲ့ ထုတ်ကုန်ရောင်းချမှုတွေကို ဆန့်ကျင်တဲ့ အကောင်းဆုံးအဆင့်ရှိ ထိန်းချုပ်မှုစံနှုန်းတွေ၊ မူဝါဒတွေနဲ့ အစီအမံတွေအပေါ် ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေနဲ့အတူ စေ့စပ်သေချာတဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုကို ထင်ဟပ်စေပါတယ်” ဟု ဆိုကာ နောင်တွင် Compl-iance အစီအစဉ်များကို ပိုမိုမြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

  အလီဘာဘာသည် Alibaba.com နှင့် AliExpress.com အပါအဝင် ကမ္ဘာ့အကြီးဆုံး အီးကောမတ်စ်ပလက်ဖောင်း အချို့ကို လုပ်ကိုင်နေသည့် လုပ်ငန်းကြီးဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN