အစ္စရေး၏ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် ကလေးငယ်များအပါအဝင် ၈ ဦး သေဆုံးပြီး၊ ဝက်စ်ဘန့်ခ်တွင် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ပစ်သတ်ခံရ

အစ္စရေးတပ်ဖွဲ့များ၏ စီးနင်းမှုတစ်ခုအတွင်း သေဆုံးခဲ့သော အသက် ၁၅ နှစ်အရွယ် ပါလက်စတိုင်းယောက်ျားလေးတစ်ဦး၏ အလောင်းအတွက် လူများ ဝမ်းနည်းပူဆွေးနေကြသည်။ [Mohammed Torokman/Reuters]

(နိုင်ငံတကာ) ဇွန် ၃၀ 

   ဂါဇာ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အစ္စရေးစစ်တပ်၏ ဒရုန်းဖြင့် ဗုံးကြဲမှုနှင့် ဒုက္ခသည်စခန်းများအပေါ် တိုက်ခိုက်မှုများကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပါလက်စတိုင်းသား အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး၊ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသတွင်လည်း အစ္စရေး၏ စီးနင်းမှုအတွင်း ၁၅ နှစ်အရွယ် ဆယ် ကျော်သက်တစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခြင်း ခံခဲ့ရသည်။

     တနင်္လာနေ့နံနက်ပိုင်းက ဂါဇာအလယ်ပိုင်း အယ်လ်ဘာရကာ (al-Baraka)လမ်းရှိ ဝါဒီအယ်လ်ဆယ်လ်ကာ (Wadi al-Salqa) တံတားကို အစ္စရေးဒရုန်းတစ်စင်းက ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ရှစ်နှစ်အရွယ် ကလေးငယ် မာလစ် ဝါအဲလ် အဘူ ရှာဝီရှ် (Malik Wael Abu Shaweesh) အပါအဝင် အရပ် သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဝါဖာ (Wafa) သတင်းအေဂျင်စီက ဖော်ပြသည်။           

     အလားတူ ဂါဇာတောင်ပိုင်း ခန်းယူနစ် (Khan Younis) ရှိ အယ်လ်မာဝါစီ (al-Mawasi) ဒုက္ခသည်စခန်းတွင်လည်း အစ္စ ရေး၏ တိုက်ခိုက်မှုကြောင့် အသက် ၂၃ နှစ်အရွယ် မိခင်ဖြစ်သူနှင့် ၎င်း၏ တစ်နှစ်အရွယ် သမီးငယ်တို့ ခိုလှုံနေသည့် တဲအတွင်း ၌ပင် သေဆုံးခဲ့ရသည်။

     ထို့ပြင် ခန်းယူနစ်မြောက်ဘက် ကာရာရာမြို့နှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒုက္ခသည်တဲများကို အစ္စရေးက ဆက်လက်တိုက် ခိုက်ခဲ့သဖြင့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အခြားအရပ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ရကြောင်း နာဆာဆေးဘက်ဆိုင်ရာအဖွဲ့အစည်း (Nasser Medical Complex) က အတည်ပြုထားသည်။            

     အခြားတစ်ဖက်တွင်လည်း အနောက်ဖက်ကမ်းဒေသ ရာမလ္လာဟ်မြို့အနီး အယ်လ်ဘီရက်ဟ် (el-Bireh)ရှိ ရပ်ကွက်တစ်ခုကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းစဉ် ၁၅ နှစ်အရွယ် အာမက် ဂျာဝဒ် ဂျာဘာ(Ahmad Jawad Jaber) အား ရင်ဘတ်နှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆေးရုံအသွားလမ်းတွင် သေဆုံးသွားခဲ့သည်။      

     
​     ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရာမလ္လာဟ်မြို့နယ်အုပ်ချုပ်ရေးမှူး လိုင်လာ ဂါနမ်(Laila Ghannam)က “ဒါဟာ နေ့ခင်း ကြောင်တောင် ပြောင်ပြောင်တင်းတင်း ကွပ်မျက်တာကို မျက် ဝါးထင်ထင် တွေ့မြင်ခဲ့ရတာပါ။ ဒီလိုသတ်ဖြတ်မှုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းပါတယ်လို့ ကြွေးကြော်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးအတွက် အရှက်ရစရာပါ” ဟု AFP သို့ ပြင်းထန်စွာ ပြောကြားခဲ့သည်။

  အစ္စရေးလူ့အခွင့်အရေးအဖွဲ့ဖြစ်သော ဘီဆလမ်  (B’Tselem)၏ တနင်္လာနေ့ထုတ် အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ အနောက်ဖက်ကမ်း ဒေသတစ်ခုတည်း၌ပင် အစ္စရေးတပ်ဖွဲ့များကြောင့် ပါလက်စတိုင်းကလေးငယ်နှင့် ဆယ်ကျော်သက် ၂၄၁ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

     “အနောက်ဖက်ကမ်းမှာ ကလေးတွေကို အခုလို မကြုံဖူးအောင် သတ်ဖြတ်နေတာဟာ ပါလက်စတိုင်းသားတွေကို ဘာတာဝန်ခံမှုမှမရှိဘဲ သတ်ဖြတ်ခွင့်ပေးထားတဲ့ အစ္စရေးရဲ့ ပိုမိုကျယ်ပြန့်တဲ့ စစ်ရေးမူဝါဒကြောင့် ဖြစ်ပါတယ်” ဟု ဘီဆလမ်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ယူလီ နိုဗက်ခ် (Yuli Novak)က ထောက်ပြသည်။ ထို့ပြင် အစ္စရေးအာဏာပိုင်များသည် သေဆုံးသွားသော ကလေးအချို့၏ ရုပ်အလောင်းများကို မိသားစုများထံ ပြန်မပေးဘဲ သိမ်း ဆည်းထားကြောင်း သိရသည်။                

     လက်ရှိအချိန်အထိ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နောက် ပိုင်း စစ်ပွဲကာလတစ်လျှောက်လုံးတွင် အနောက်ဖက်ကမ်း၌ အစ္စ ရေးစစ်တပ်နှင့် ဂျူးအခြေချနေထိုင်သူများကြောင့် ပါလက်စတိုင်းသား ၁,၀၈၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ဂါဇာကဏ္ဍတွင်မူ သေဆုံးသူအရေအတွက်သည် ၇၃,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ကိန်း ဂဏန်းများအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN