(မှုခင်း) အောက်တိုဘာ ၃၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာရှိ ရော်ဘာခြံတစ်ခြံအတွင်း အမည်မသိအမျိုးသားတစ်ဦး သေဆုံးနေသည်ကို ယနေ့ အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လက်မောင်းတွင် တက်တူးထိုးထားသည်ကို တွေ့ရှိရကြောင်း သိရသည်။
တွေ့ရှိချိန်တွင် မျက်နှာမှာ ပုပ်ပွနေပြီဖြစ်ပြီး အလောင်းအနီး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူအပိုင်းအစတစ်ခုကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို ကျိုက်ရွဲကျေးရွာ၊ ဘသေ့ဘုန်းကြီးကျောင်းလမ်းရှိ ရော်ဘာခြံအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းတွေ့ရှိသည့်နေရာအနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၉ ရက် ည ၇ နာရီခန့်က မော်တော်ယာဉ်တစ်စီး ရပ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ရော်ဘာခြံလုပ်သားများက ပြောကြားသည်။
လက်ရှိတွင် သေဆုံးသူ၏ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် စုံစမ်းနေပြီး ၎င်းအား သိရှိသူများအနေဖြင့် ၀၉ ၄၂၀၁၀၂၄၀၃ ဖုန်းနံပါတ်သို့ ဆက်သွယ်အကြောင်းကြားပေးကြရန် အကူအညီတောင်းခံထားသည်။

Telegram – t.me/positiveanglenews
#PAN