
(နိုင်ငံတကာ) ဇွန် ၃၀
အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့် (Golan Heights)အနီး ဆီးရီးယားတောင်ပိုင်းဒေသများသို့ အစ္စရေးစစ်တပ်က ကျူးကျော်ဝင်ရောက်ပြီး အရပ်သားနေအိမ်များအနီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံမိသားစု အများအပြား ညတွင်းချင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ ယင်းလုပ်ရပ်သည် ဆီးရီးယား၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ဆီးရီးယားနှင့် တူရကီနိုင်ငံခြားရေးဝန် ကြီးဌာနတို့က တနင်္လာနေ့ (ဇွန် ၂၉ ရက်) တွင် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် စစ်ရေးကျူးကျော်မှုမှာ တနင်္ဂနွေနေ့က ဒါရာ (Deraa) ပြည်နယ်အနောက်ပိုင်းရှိ အာ့ဘ်ဒင်(Abdin) ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစ္စရေးစစ်တပ် စစ် ကြောင်း ရှေ့တိုးလာမှုကို ဒေသခံရွာသားများက ဝိုင်းဝန်းတား ဆီးရန် ကြိုးပမ်းခဲ့ကြသော်လည်း အစ္စရေးတပ်ဖွဲ့များက အရပ် သားနေအိမ်များအနီးသို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ကာ တုံ့ပြန်ခဲ့သည်။
“နေအိမ်တွေနားကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့လို့ မိသားစုတွေဟာ ညတွင်းချင်းပဲ အိမ်နီးနားချင်း ကျေးရွာတွေကို ထွက်ပြေးခဲ့ရပါတယ်” ဟု ကျေးရွာလူကြီး မာမု မူအာဖက်က AFP သို့ ပြောကြားသည်။ တနင်္လာနေ့နံနက်ပိုင်းတွင် အစ္စရေးတပ်များ ပြန်လည်ဆုတ်ခွာသွားသဖြင့် အခြေအနေ ပြန်လည်ငြိမ်သက်သွားပြီး ရွာသားအချို့ နေရပ်သို့ ပြန်လာနိုင်ခဲ့သော်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များ နေအိမ်အနီး ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဘာရှာအယ်လ်အာဆတ် အစိုးရပြုတ်ကျသွားပြီးနောက်ပိုင်း အစ္စရေးသည် ဆီးရီးယားတောင်ပိုင်းသို့ ကျူးကျော်မှုများကို သိသိသာသာ အရှိန်မြှင့်လာခဲ့သည်။ ကုလသမဂ္ဂက စောင့်ကြည့်နေသည့် ဂိုလန်ကုန်းမြင့် ကြားခံဇုန်ကို ကျော်လွန်၍ ဆီးရီးယားပိုင် နက် အတွင်းပိုင်းအထိ စစ်တပ်များကို တိုးချဲ့နေရာချထားခဲ့သည်။
ဆီးရီးယားအခြေစိုက် စီဂျေးစင်တာ (Sijil Center)၏ မှတ် တမ်းများအရ ပြီးခဲ့သည့် ဇွန်လတစ်လ အတွင်း၌ပင် အစ္စရေးသည် ဒါရာနှင့် ကူနိုက်ထရာ (Quneitra) ပြည်နယ်များတွင် ကျူးကျော်စီးနင်းမှု ၁၀၇ ကြိမ် အပါအဝင် စစ်ရေးချိုးဖောက်မှုပေါင်း ၃၀၀ နီးပါး ကျူးလွန်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အစ္စ ရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဆီးရီးယားပိုင်နက်အတွင်း အစ္စရေးတပ်များကို လီဘနွန်နှင့် ဂါဇာကဲ့သို့ပင် “အတိုင်းအဆမရှိ ကာလတစ်ခုအထိ” ဆက်လက်ချထားမည်ဟု ပွင့်ပွင့်လင်းလင်း ပြောကြားထား သည်။
၁၃ နှစ်ကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် နာလန်ထူရန် ကြိုးပမ်းနေရသည့် ဆီးရီးယားနိုင်ငံအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ သည် ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဆိုး ရွားစေသည်ဟု သုံး သပ်ကြသည်။
ဆီးရီးယားအစိုးရနှင့် နီးစပ်သည့် တူရကီနိုင်ငံခြားရေးဝန် ကြီးဌာနကလည်း အစ္စရေး၏ လုပ်ရပ်သည် ဆီးရီးယားပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်ကို နင်းခြေခြင်းဖြစ်ပြီး နိုင်ငံ တကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ညကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေ ဖြင့် အစ္စရေး၏ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်အောင် တာဝန်ယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN