ဘိုလီးဗီးယားတွင် ရက် ၅၀ ကြာ လမ်းပိတ်ဆို့ဆန္ဒပြမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ

(နိုင်ငံတကာ) ဇွန် ၂၁

     ​​ဘိုလီးဗီးယားနိုင်ငံတွင် အစိုးရ၏ ခြိုးခြံချွေတာရေးမူဝါဒကို မကျေနပ်သဖြင့် သမ္မတ ရိုဒရီဂို ပါ့စ် (Rodrigo Paz) ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုသည့် လမ်း ပိတ်ဆို့ဆန္ဒပြမှုများ ရက်ပေါင်း ၅၀ ကြာအထိ ပြင်းထန်လာပြီးနောက် နိုင်ငံတော်အတွင်း စားနပ်ရိက္ခာနှင့် စက်သုံးဆီပြတ်လပ်မှုများကို ရှင်းလင်းရန် စစ်တပ်အား လုပ်ပိုင်ခွင့်အာဏာအပြည့်အစုံအပ်နှင်းသည့် အရေးပေါ်အခြေအနေတစ်ရပ်ကို သမ္မတက ကြေညာလိုက်သည်။

     ပြီးခဲ့သည့် ငါးပတ်ကျော်ကာလအတွင်း တောင်ကုန်းဒေသရှိ ဌာနေတိုင်းရင်းသားများနှင့် ကျေးလက်အလုပ် သမားအဖွဲ့အစည်းများ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုလှိုင်းလုံးများကြောင့် လမ်းမကြီးများ ပိတ်ဆို့ကာ အုပ်ချုပ်ရေးမြို့တော် လာပတ်ဇ် (La Paz)မှာ ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်လုနီးပါး ဖြစ်ခဲ့ရသည်။

     စနေနေ့နံနက်အစောပိုင်း နိုင်ငံတော်သို့ ပြောကြားသည့် ရုပ်သံမိန့်ခွန်းတွင် သမ္မတ ပါ့စ် က “ယခု လုပ်ဆောင်ချက်သည် ပြည်သူ့လူနေမှုကို ချုပ်ချယ်ရန်မဟုတ်ဘဲ ဆီသယ်ယာဉ်များ ပိတ်မိနေပြီး ပြတ်တောက်နေသည့် ကုန်စည်စီးဆင်းမှုကို ပြန်လည် ပွင့် လင်းစေကာ ပြည်သူလူထုထံ လွတ်လပ်ခွင့် ပြန်လည်အပ်နှင်းရန် ဖြစ်သည်။ ဤလမ်းပိတ်ဆို့မှုများသည် ဆန္ဒပြမှုအဆင့်ထက်ကျော်လွန်ပြီး ဒီမိုကရေစီကို ဖျက်ဆီးမည့် စနစ်တကျ ကြံစည်မှုဖြစ်သည်” ဟု ပြောကြားခဲ့သည်။

     အတည်ပြုချက်များအရ ဤအရေးပေါ်အမိန့်ဒီကရီသည် ရက်ပေါင်း ၉၀ ကြာမြင့်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ထိခိုက်စေမည့် လမ်းပိတ်ဆို့မှုမှန်သမျှကို တားမြစ်ထားကာ လက်နက် ကိုင်တပ်ဖွဲ့များအနေဖြင့် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ အင်အားသုံးလမ်းဖွင့်ရန် အမိန့်ပေးထားသည်။

     ဆန္ဒပြပွဲကာလအတွင်း အဓိကရုဏ်းနှိမ်နင်းရေးရဲများနှင့် ထိတွေ့မှုများကြောင့် လူပေါင်း ၃၆၅ ဦး ဖမ်းဆီးခံရကာ ၃၇ ဦး ဒဏ်ရာရခဲ့ပြီး၊ အထူးသဖြင့် လမ်းပိတ်ဆို့မှုကြောင့် ဆေးဝါးကုသခွင့် မရရှိခြင်းနှင့် တိုက်ရိုက်ဆက်စပ်ကာ အရပ်သား အနည်း ဆုံး ၁၇ ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆို သည်။ ဆေးရုံများတွင် အောက်ဆီဂျင်ပြတ်လပ်ခြင်း၊ စူပါမားကတ်များတွင် ကုန်ပစ္စည်းပြတ်လပ်ခြင်းတို့ကြောင့် လူထုအချို့ကလည်း အစိုးရအား အင်အားသုံး၍ စနစ်တကျ ထိန်းသိမ်းရန် တွန်းအားပေးနေကြသည်။

     ပြီးခဲ့သည့် နိုဝင်ဘာလက အာဏာရလာသည့် သမ္မတ ပါ့စ် သည် စက်သုံးဆီပြတ်လပ်မှုနှင့် ဗဟိုဘဏ်အရန်ငွေ ဖြည့် တင်းရန် ကတိပြုခဲ့သော်လည်း ၎င်း၏ စက်သုံးဆီထောက် ပံ့ကြေး ဖြတ်တောက်သည့် ခြိုးခြံချွေတာရေးမူဝါဒကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး ငွေကြေးဖောင်းပွမှု ပိုမိုဆိုးရွားလာခဲ့သည်။

     လက်ရှိတွင် သမ္မတသည် အလုပ်သမားသမဂ္ဂအချို့နှင့် လမ်းဖွင့်ရန် သဘောတူညီချက်ရရှိခဲ့သော်လည်း ဆန္ဒပြသူအများစုကမူ ညှိနှိုင်းရန် ငြင်းဆန်ကာ သမ္မတ ရာထူးမှမဆင်းမချင်း လမ်းများကို ဆက်လက်ပိတ်ဆို့ထားမည်ဟု ကြွေးကြော်နေကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN