အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ပြီးနောက် ရွှေ့ဆိုင်းထားသည့် အမေရိကန်-အီရန် ဆွေးနွေးပွဲများ ဆွတ်ဇာလန်၌ ပြန်လည်စတင်ရန် ပြင်ဆင်၊ ပါကစ္စတန်နှင့် ကာတာတို့ ကြားဝင်စေ့စပ်ပေးမည်

(နိုင်ငံတကာ) ဇွန် ၂၁

     ​​လက်ဘနွန်တောင်ပိုင်းအပေါ် အစ္စရေး၏ စစ်ရေးအရ ဆက် လက်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သောကြာနေ့က ကနဦးရွှေ့ ဆိုင်းခဲ့ရသည့် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား နည်းပညာဆိုင်ရာအဆင့် တရားဝင်ဆွေးနွေးပွဲများကို ဆွတ်ဇာလန်နိုင်ငံ ဘာဂန်စတော့ခ် (Burgenstock)တောင်ပေါ် အပန်း ဖြေစခန်း၌ ယနေ့ (တနင်္ဂနွေနေ့) တွင် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ထုတ်ဖော်ပြောကြားလိုက်သည်။

     အီရန်အစိုးရဘက်က ပါလီမန်ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာဂါ ဂါလီဘတ် နှင့် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ တို့ ဦး ဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သို့ စနေနေ့ညနှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အမေရိကန်ဘက်ကမူ ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကိုယ်တိုင် ဆွတ်ဇာလန်သို့ ထွက်ခွာလာခဲ့ပြီး ၎င်းအနေဖြင့် လက်ဘနွန်အပစ်အခတ်ရပ်စဲရေးနှင့် အီရန်နျူကလီး ယားအစီအစဉ် ကိစ္စရပ်များတွင် တိုးတက်မှုရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

     ယခုဆွေးနွေးပွဲသည် ယခုသီတင်းပတ်အစောပိုင်းက စစ် မျက်နှာအားလုံး အပစ်ရပ်ရန် ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) အပေါ် အခြေခံ၍ ရက်ပေါင်း ၆၀ အတွင်း နောက် ဆုံးသဘောတူညီချက်ရရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။

     သို့သော်လည်း ဆွေးနွေးပွဲမစတင်မီ မြေပြင်တင်းမာမှုများမှာ အထူးမြင့်တက်လျက်ရှိသည်။ အစ္စရေးသည် သောကြာနေ့က ဟစ်ဇ်ဘိုလာနှင့် အပစ်ရပ်ရန် သဘောတူခဲ့သော်လည်း စနေနေ့အထိ ဆက်လက်ဗုံးကြဲခဲ့ရာ လက်ဘနွန်အရပ်သား ၃၂ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ရသည်။

     ထို့ကြောင့် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် ဖွဲ့ (IRGC) က အမေရိကန်သည် ကတိကဝတ်ကို ဖောက် ဖျက်ပြီး အစ္စရေး၏ ရာဇဝတ်မှုများကို မတားဆီးနိုင်ဟုဆိုကာ ကမ္ဘာ့စီးပွားရေးဗျူဟာမြောက် စွမ်းအင်လမ်းကြောင်းဖြစ်သည့် ‘ဟော်မုဇ်ရေလက်ကြား’ (Strait of Hormuz) ကို ကန့်သတ်ပိတ်ဆို့ကြောင်း ကြေညာကာ သင်္ဘောများကို သတိပေးလိုက်သည်။ အီရန်ခေါင်းဆောင်ပိုင်းကလည်း ဤသဘောတူညီချက်သည် စက္ကူပေါ်တွင်သာရှိနေပါက အရှေ့အလယ်ပိုင်း ရေနံစီးဆင်းမှုကို ဖြတ်တောက်ထားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

     အမေရိကန်စစ်တပ် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကမူ အီရန်သည် ဟော်မုဇ်ရေလက်ကြားကို အလုံးစုံမထိန်းချုပ်နိုင်ကြောင်းနှင့် မိမိတို့စစ်တပ်က နိုးနိုးကြားကြားဖြင့် ရေလမ်းကြောင်းလုံခြုံရေးကို ဆက်လက်စောင့်ရှောက်နေကြောင်း ပြန် လည်တုံ့ပြန်ထားသည်။

     တစ်ချိန်တည်းမှာပင် သမ္မတ ဒေါ်နယ်ထရမ့်က ညှိနှိုင်းမှုကာ လအတွင်း အီရန်က အခွန်ကောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် သဘောတူညီချက်မရပါက အမေရိကန်ကသာ ယင်းရေလမ်းကြောင်းအပေါ် အခွန်အခများ ချမှတ်သွားမည်ဟု တန် ပြန်ခြိမ်းခြောက်ခဲ့သည်။

     ယခုဆွေးနွေးပွဲတွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်၊ စစ်ဦးစီးချုပ် ဖီးလ်မာရှယ် အာဆင် မူနီယာ နှင့် ကာတာဝန်ကြီးချုပ် ရှိတ် မိုဟမ္မဒ် တို့က ကြားဝင်စေ့စပ်ပေးသူများအဖြစ် ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN