အီရန်နှင့် ယာယီသဘောတူညီချက်ကြောင့် ထရမ့်အပေါ် အစ္စရေးအစိုးရနှင့် မီဒီယာများ အပြင်းအထန် ဒေါသထွက်

(နိုင်ငံတကာ) ဇွန် ၂၁

     ​​အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲကို အဆုံးသတ်ရန်ရည်ရွယ်သည့် အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာ (MoU) ထွက်ပေါ်လာပြီးနောက် အစ္စရေးလူထု၊ နိုင်ငံရေးသမားများနှင့် ထိပ်တန်းမီဒီယာများအကြား သမ္မတ ဒေါ်နယ်ထရမ့်အပေါ် သစ္စာဖောက်ခံရမှုအဖြစ် ပြင်းထန်သော ဒေါသမျက်မာန်ရှာမှုများ လွှမ်းမိုးနေကြောင်း သိရသည်။

     အစ္စရေးနိုင်ငံ၏ ဩဇာအရှိဆုံးနှင့် ထရမ့်၏ အဓိကအလှူရှင်ဖြစ်သူ မီရီယမ် အက်ဒယ်ဆန် ပိုင်ဆိုင်သည့် ‘အစ္စ ရေး ဟာယွန်း’ (Israel Hayom) သတင်းစာကြီးတွင် “သင်ဟာ အားလုံးထဲမှာ အကြီးကျယ်ဆုံး သမ္မတ ဖြစ်လာနိုင်ခဲ့ပေမဲ့ ကျရှုံးသွားခဲ့ပြီ” ဟု ခေါင်းစဉ်တပ်ကာ ထရမ့်ထံ ပေးစာအသွင်ဖြင့် ပြင်းထန်သော ဝေဖန်ချက်ကို ဖော်ပြခဲ့သည်။

     ယင်းဆောင်းပါး၌ ထရမ့်သည် အီရန်၏ “လူသတ်ဝါဒီ၊ ရက် စက်ကြမ်းကြုတ်သော အကြမ်းဖက်စနစ်နှင့် လက်နက်ချသဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်” ဟု စွပ်စွဲထားပြီး၊ ဤလုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုသည် အရှက်ရစေခဲ့ရုံမက ယခင် သမ္မတဟောင်း အိုဘားမား၏ ၂၀၁၅ နျူကလီး ယားစာချုပ်ထက်ပင် ပိုမိုဆိုးရွားကာ အီရန်ကို ပိုမိုအင်အားတောင့်တင်းစေခဲ့ကြောင်း အပြင်းအထန် ပြစ်တင်ထားသည်။

     လက်ရှိ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် လူသိရှင်ကြား မှတ်ချက်ပေးရန် ရှောင်လွှဲနေသော် လည်း၊ ၎င်း ၏အစိုးရအဖွဲ့ဝင် လက်ယာစွန်းဝါဒီ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben-Gvir) က “အမေရိကန်တွေကို ဘယ်လောက်ပဲ လေးစားလေးစား၊ ကျွန်တော်တို့ နိုင်ငံ သားတွေရဲ့ လုံခြုံရေးကို အလဟဿ အဆုံးရှုံးမခံနိုင်ဘူး။ လက်ဘနွန်တစ်ခုလုံး ပြာကျသွားရမယ်” ဟု လူမှုကွန်ရက် X တွင် အစွန်းရောက်သော စကားရပ်ဖြင့် စိန်ခေါ်ခဲ့သည်။

      ထို့ပြင် အစ္စရေး Channel 12 ၏ လူထုသဘောထားစစ် တမ်းအရ အစ္စရေးပြည်သူ ၇၁ ရာခိုင်နှုန်းက အီရန်နှင့် ညှိနှိုင်းမှုတွင် ထရမ့်အစိုးရအဖွဲ့သည် အစ္စရေးအကျိုးစီးပွားကို ကာကွယ်ပေးလိမ့်မည်ဟု မယုံကြည်တော့ကြောင်း ဖြေဆိုခဲ့ကြသည်။

      အမေရိကန်ဘက်ကမူ ဤစွပ်စွဲချက်များအပေါ်  ပြန် လည်တုံ့ပြန်ခဲ့ပြီး၊ ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) က တစ်ကမ္ဘာလုံးက အစ္စရေး၏ ဂါဇာအပေါ် လူမျိုးတုံးသတ် ဖြတ်မှုစစ်ပွဲနှင့် အိမ်နီးနားချင်းများအပေါ် တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချနေချိန်တွင် ထရမ့်သည် အစ္စရေးအပေါ် စာနာမှုအရှိဆုံး ကမ္ဘာ့ခေါင်း ဆောင်ဖြစ်ကြောင်းနှင့် “ကျွန်တော်သာ အစ္စရေးအစိုးရအဖွဲ့ထဲမှာ ရှိနေရင်၊ ကမ္ဘာပေါ်မှာ ကျွန်တော့်အတွက် ကျန်ရှိနေတဲ့ တစ်ခုတည်းသော အားကိုးရတဲ့ အင်အားကြီးမဟာမိတ်ကို လိုက်ပြီး တိုက်ခိုက်နေမှာ မဟုတ်ဘူး” ဟု ပြတ်ပြတ်သားသား သတိပေးခဲ့သည်။

      နိုင်ငံရေးလေ့လာဆန်းစစ်သူ အိုရီ ဂိုးလ်ဘတ် ကလည်း ယခုဖြစ်စဉ်သည် သာမန်အာဝါဒေဝါဖြစ်ခြင်း မဟုတ်ဘဲ ပြင်းထန်သော အက်ကြောင်းထွက်မှု (Rift)ဖြစ်ပြီး “အစ္စရေးက အမေရိကန်ကို စစ်ပွဲထဲ ဆွဲသွင်းခဲ့တာဖြစ်ပြီး နေတန်ယာဟုက ထရမ့်ကို လှည့်စားအသုံးချခဲ့တာက အမှန်တရားပဲ” ဟု ကောက်ချက်ချ ခဲ့သည်။

      လက်ရှိတွင် အစ္စရေးက လက်ဘနွန်အပေါ် ဆက်လက်တိုက်ခိုက်နေမှုကြောင့် အီရန်က စီးပွားရေးအရ အရေးပါလှသည့် ဟော်မုဇ်ရေလက်ကြားကို ထပ်မံပိတ်ဆို့လိုက်ပြီဖြစ်ရာ အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေမှာ ပိုမိုရုန်းထွက်ရခက်ခဲသော အကျပ်အတည်းသို့ ဆိုက် ရောက်နေပြီဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN