အမေရိကန်နှင့် အီရန်တို့ သဘောတူညီချက်ရရှိရန် ‘နောက် ဆုံးအဆင့်’ သို့ ရောက်ရှိ၊ ဟော်မုဇ်ရေလက်ကြား ရက်ပိုင်းအတွင်း ပြန်ပွင့်မည်ဟု ထရမ့် ပြောကြား

(နိုင်ငံတကာ) ဇွန် ၉

     အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား စစ်ရေးတင်းမာမှုများကို အဆုံးသတ်စေမည့် သမိုင်းဝင်ငြိမ်း ချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိရန် လက်တစ်ကမ်းအလို “နောက် ဆုံးအဆင့်” သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ စစ်ပွဲကြောင့် ပိတ်ဆို့ထားသည့် ကမ္ဘာ့အရေးပါဆုံး စွမ်းအင်လမ်းကြောင်းဖြစ်သော “ဟော်မုဇ်ရေလက်ကြား” (Strait of Hormuz) ကိုလည်း ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့နှောင်းပိုင်းတွင် သတင်း ထောက်များကို ထုတ်ဖော်ပြောကြားလိုက်သည်။

     ပြီးခဲ့သည့် ဧပြီလ အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း အစ္စ ရေးနှင့် အီရန်တို့အကြား အပြင်းထန်ဆုံး တိုက်ခိုက်မှုများ တနင်္လာနေ့တွင် ဖြစ်ပွားခဲ့ပြီးနောက်၊ နှစ်ဖက်စလုံးက တိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းရန် သဘောတူညီခဲ့ကြပြီး ငြိမ်းချမ်းရေးဆီသို့ ဦးတည်ရွေ့လျားလာခြင်း ဖြစ် သည်။

​     သမ္မတ ထရမ့်က အမေရိကန်အနေဖြင့် အီရန်ကို ရက် သတ္တပတ်အနည်းငယ်ကြာ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက် ခိုက်ရန် လွယ်ကူသော်လည်း ယင်းသို့လုပ်ဆောင်ပါက ဟော်မုဇ်ရေလက် ကြားကို လပေါင်းများစွာ ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း ထောက်ပြခဲ့သည်။

     အမေရိကန်ရေတပ်၏ အီရန်အပေါ် ပိတ်ဆို့ဖြတ်တောက်ထားမှုသည် ဗုံးကြဲခြင်းထက် ပိုမိုထိရောက်ခဲ့ပြီး အီရန်ကို ဆွေး နွေးပွဲစားပွဲဝိုင်းသို့ ရောက်ရှိလာစေရန် တွန်းအားပေးနိုင်ခဲ့ကြောင်း၊ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ရေလက်ကြား ပြန်ပွင့်မည်ဖြစ် ကြောင်း ၎င်းက အခိုင်အမာဆိုသည်။

     ထို့ပြင် ထရမ့်က ၎င်း၏ Truth Social ပလက်ဖောင်းပေါ်တွင် နှစ်ဖက်စလုံး ပစ်ခတ်မှုရပ်ကြရန် တောင်းဆိုခဲ့ပြီး၊ စစ်ပွဲကို ဆက်လက်ဆင်နွှဲလိုသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကိုလည်း “ဘီဘီ၊ ခင်ဗျား သတိထားတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် ခင်ဗျား မကြာခင်မှာ တစ်ယောက်တည်း ရုန်း ကန်ရလိမ့်မယ်” ဟု ပြတ်ပြတ်သားသား သတိပေးခဲ့ကြောင်း Axios သတင်းဌာနသို့ ထည့်သွင်းပြောကြားခဲ့သည်။

​     အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ အမေရိကန်၏ တောင်းဆိုချက်အရ “တင်းမာမှုကို လျှော့ချရန်” သဘောတူခဲ့သော်လည်း တီဟီရန်၏ အကြမ်းဖက်စနစ်ကို တိုက်ခိုက်ပြီးနောက်တွင်မှ အစ္စရေးအပေါ် တိုက်ခိုက်မှုများ ရပ်တန့်သွားခြင်းဖြစ်ကြောင်း၊ အစ္စရေးတွင် မိမိကိုယ်ကို ခုခံပိုင်ခွင့်အပြည့်ရှိပြီး အီရန်ဘက်က ထပ်မံတိုက်ခိုက်လာပါက အင် အားအပြည့်ဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။

     ဝါရှင်တန်ဆိုင်ရာ အစ္စရေးသံအမတ်ကြီး ရီချီရယ် လိုက်တာ ကလည်း အမေရိကန်နှင့် အစ္စရေးအကြား သဘောထားကွဲလွဲမှုကို “ချစ်သူချင်း စကားများကြခြင်း” မျှသာဖြစ်သည်ဟု ဆိုကာ တင်းမာမှုသတင်းများကို လျှော့ချပြောဆိုခဲ့သည်။

     အခြားတစ်ဖက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီက လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်မှုနှင့် ဟော်မုဇ်ရေ လက်ကြားတွင် သင်္ဘောများကို ကြားဖြတ်ဖမ်းဆီးမှု အပါအဝင် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုမှန်သမျှအတွက် အပစ်ရပ်ဆွေးနွေးပွဲတွင် ပါဝင်နေသည့် အမေရိကန်ပြည် ထောင်စု၌ တိုက်ရိုက်တာဝန်ရှိကြောင်း အပြစ်တင်ခဲ့သည်။

     သို့သော်လည်း အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က  အီရန်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ဆက်ရှိနေဆဲဖြစ် ကြောင်း အတည်ပြုခဲ့ပြီး၊ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးကလည်း အမေရိကန်နှင့် အီရန်တို့သည် ပါကစ္စတန်နိုင်ငံကို ကြားခံအဖြစ်အသုံးပြု၍ အမြင်ချင်းဖလှယ်ကာ သဘောတူညီချက်တစ်ခုရရှိရန် အလေးအနက် ကြိုးပမ်းနေကြောင်း ဆိုသည်။

​     သံတမန်ရေးအရ ငြိမ်းချမ်းရေးရလဒ် ထွက်ပေါ်လုနီးဖြစ်နေသော်လည်း တနင်္လာနေ့ ပဋိပက္ခအတွင်း ယီမင်နိုင်ငံမှ ဟူသီသူပုန်များက အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ပင်လယ်နီအတွင်း အစ္စရေးရေကြောင်းသွားလာမှုကို လုံးဝပိတ်ပင်ကြောင်း ကြေညာခဲ့သည်။

     ထို့ပြင် လက်ဘနွန်တောင်ပိုင်းရှိ ဆိုင်ယာ (Tyre) မြို့၊ နာဘာတီးယားခရိုင်နှင့် မာဝါနီယာမြို့တို့တွင် အစ္စရေး၏ လေ ကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN