JSM ဒုံးကျည်များ ဒုတိယအသုတ် ဝယ်ယူရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် နော်ဝေ ကွန်ဘတ်ခ်ကုမ္ပဏီ ဒေါ်လာ ၂၄၁ သန်းတန် စာချုပ်ချုပ်ဆို

(နိုင်ငံတကာ) ဇွန် ၆

     အမေရိကန် ကာကွယ်ရေးရာဝန်ကြီးဌာနသည် နော်ဝေနိုင်ငံအခြေစိုက် ကွန်ဘတ်ခ် ကာကွယ်ရေးနှင့် အာကာသကြောင်းဆိုင်ရာကုမ္ပဏီ (Kongsberg Defence & Aerospace)နှင့်အတူ AGM-184 Joint Strike Missile (JSM) လက်နက်များ၏ ဒုတိယမြောက် ထုတ်လုပ်မှုအသုတ်ကို ဝယ်ယူရန်အတွက် ဒေါ်လာ ၂၄၁ သန်းတန်ဖိုးရှိ နောက်ထပ်စာချုပ်တစ်ခုကို လက် မှတ်ရေးထိုးလိုက်သည်။

     အဆိုပါ စာချုပ်အရ လုပ်ငန်းစဉ်အားလုံးကို ၂၀၂၈ ခုနှစ် နိုဝင်ဘာလကုန်တွင် အပြီးသတ်ရန် မျှော်မှန်းထားပြီး၊ ဝယ်ယူမှုအတွက် လိုအပ်သော ရန်ပုံငွေ အပြည့်အဝကိုလည်း သဘောတူညီချက် လက်မှတ်ရေးထိုးစဉ်ကပင် တစ် ပါတည်း ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ စာချုပ်တွင် အရေအတွက် အတိ အကျ ထုတ်ဖော်မပြောသည့် ဒုံး ကျည်များနှင့်အတူ လိုအပ်သော ထောက်ပံ့ရေးနှင့် ချို့ယွင်းချက်ရှာဖွေရေး စစ်ဆေးမှု ကိရိယာများလည်း ပါဝင်သည်။

     စာချုပ်ပါ ကြေညာချက်အရ ယခုဝယ်ယူသည့် လက်နက်ပစ္စည်း အားလုံးကို အမေရိကန် လေတပ်၏ သိုလှောင်ရုံများသို့ ပေးပို့မည်ဖြစ်သည်။ အဆိုပါ AGM-184 ဒုံးကျည်များကို လော့ဟိဒ် မာတင် (Lockheed Martin) ကုမ္ပဏီထုတ် F-35A Lightning II ဘက်စုံသုံး စတဲလ် (Stealth) တိုက်လေယာဉ်များတွင် အဓိက တပ်ဆင်သယ်ဆောင်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

JSM ဒုံးကျည်သည် F-35A တိုက်လေယာဉ်၏ အတွင်းဘက် လက်နက်သိုလှောင်ခန်း (Internal weapons bays) ထဲတွင် ကောင်းမွန်စွာ ဝင်ဆံ့နိုင်ရန် အထူးပုံစံထုတ် လုပ်ထားခြင်း ဖြစ်ပြီး၊ လက်ရှိတွင် ၎င်းလိုအပ်ချက်ကို ပြည့်မီသည့် တစ်ခုတည်းသော ဒုံးကျည်အမျိုးအစားလည်း ဖြစ်သည်။ တိုက်လေယာဉ်၏ ကိုယ်ထည်အတွင်း၌ လက် နက်များ သိုလှောင်ခြင်းဖြင့် လေ ယာဉ်၏ ရေဒါဖျောက်ဖျက်နိုင်စွမ်း (Stealth)စွမ်းရည်ကို မထိ ခိုက်စေရန် အထောက် အကူပြုသည်။

     F-35A တိုက်လေယာဉ်များ၏ အတွင်းခန်းနှင့် ကိုက်ညီမှုရှိခြင်းကြောင့် ယခုလက်နက်ကို အသုံးပြုလိုသည့် နိုင်ငံများပြားလာပြီး အော်ဒါမှာယူမှု မြင့်တက်လျက်ရှိသည်။ လက်ရှိတွင် အမေရိကန်နှင့် နော်ဝေအပြင် ဂျပန်၊ ဩစ တြေးလျနှင့် ဂျာမနီနိုင်ငံတို့က ဝယ်ယူထားပြီးဖြစ်ကာ၊ ဘယ်လ်ဂျီယံနှင့် ပိုလန်နိုင်ငံတို့ကလည်း ဝယ်ယူရန် စိတ်ဝင် စားကြောင်း ဖော်ပြထားကြသည်။

     ကွန်ဘတ်ခ် (Kongsberg) ကုမ္ပဏီ၏ ယခုအောင်မြင်မှုသည် နော်ဝေနိုင်ငံအနေဖြင့် F-35 တိုက်လေယာဉ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် အဆင့်(၃) မိတ်ဖက်နိုင်ငံအဖြစ် အစောပိုင်းကတည်းက ပါဝင်ခဲ့မှုကြောင့် ဖြစ်သည်။ ထိုသို့ ပါဝင်ခဲ့သည့် အတွက် အဆိုပါ တိုက်လေယာဉ်၏ အတွင်းဘက် သယ်ဆောင်မှု စံနှုန်းများနှင့် အပြည့်အဝကိုက်ညီသော ဒုံးကျည်တစ်စင်းအဖြစ် အစောကတည်းက ပူးတွဲဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN